စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၅) တပ်စခန်းအား စစ်ကူလာသော စစ်ကောင်စီတပ်များကို KNLA မှတိုက်ခိုက်၍ (၂၀) ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 278

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၂ / ၂၀၂၄

မြ၀တီ/ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၅) တပ်စခန်းအား ပြန်လည်ရရှိရေးအတွက် စစ်ကူလာသော စစ်ကောင်စီတပ်များအား KNLA - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စောင့်ကြိုပစ်ခတ်ရာ စစ်ကောင်စီတပ်မှ (၂၀) ဦးသေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟိုမှ ဧပြီလ (၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KNU - တပ်မဟာ (၆) KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ထားသော မြ၀တီ/ သင်္ကန်းညီနောင် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်စခန်းအား ပြန်လည်ရရှိရေးအတွက် စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ် မှ (၉၇) တပ်ရင်း၊ (၁၀၂) တပ်ရင်း၊ (၁၁၈) တပ်ရင်း၊ (၅၄၆) တပ်ရင်း နှင့် (၃၅၆) တပ်ရင်းများအား KNLA - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ မတ်လ ၁၅ ရက်နေ့ မှ မတ်လ ၂၀ ရက်နေ့အတွင်း စောင့်ကြို ပစ်ခတ်ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ (၁၅) ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုစခန်းသို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီတပ် ထံမှ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှု မရှိပဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး ထိမှန်သေဆုံးကာ (၃)ဦး ဒဏ်ရာရပြီး ပြည်သူပိုင် အိုးအိမ်တစ်ချို့ ထိမှန် ပျက်စီး သွားခဲ့ရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့ အတွင်း ခမရ (၃၅၅) တပ်စခန်းသို့ နောက်ထပ် စစ်ကူရောက်လာသော အဆိုပါ တပ်များအား KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ထပ်မှန်၍ စောင့်ကြိုပစ်ခတ်ရာ အကြမ်းဖက် စစ်ကောင်စီတပ် မှ (၅) ဦး ထပ်မှန် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း လည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှလည်း (၄) ဦး ဒဏ်ရာရခဲ့ပြီး (၁)ဦး မှာ တိုင်းပြည် နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်းသိရသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား KNU - တပ်မဟာ (၆) KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ကြီးကြပ်ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲအားဖြင့် သော်လည်းကောင်း၊ မြို့တွင်းတိုက်ပွဲများအားဖြင့် သော်လည်းကောင်း ဖော်ဆောင် လျှက်ရှိနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျှက် ရှိကြောင်းလည်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် နေစဥ်နှင့်အမျှ ရမ်းသမ်း ပစ်ခတ်မှုနှင့် လေယာဥ်များဖြင့် လိုက်လံ ဗုံးကျဲပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ ထိမှန်သေဆုံးကြရပြီး မြောက်များစွာ ထိခိုက် ဒဏ်ရာ ရခဲ့ကြသည်။ 

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု အနီးဝန်းကျင်ရှိ မြို့နှင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင်အိုးအိမ်များကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လိုက်လံ မီးရှို့ဖျက်စီးနေသလို မီးလောင်ဗုံးများကိုလည်း ဒရုန်းများဖြင့် သော်လည်းကောင်း လေယာဉ်များဖြင် သော်လည်းကောင်း လိုက်လံဗုံးကျဲ ပစ်ခတ်နေသည် ဖြစ်၍ ကျေးရွာတွင်းရှိ၊ ရပ်ကွက်တွင်းရှိ ပြည်သူပိုင် အိုးအိမ်ပစ္စည်း အမြောက်အများ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းလည်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-KNU


ဆက်စပ် သတင်းများ