စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

စကစတပ်ဖွဲ့ ဝင် ၁၈၀ကို မြန်မာကို ပြန်ပို့ပြီး မြန်မာတွင် ပိတ်မိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကို ပြန်လည်ခေါ်ယူမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 702

ခိုင်လူလှ (ရိုးမမြေ) နိရဉ္စရာ၊ ဧပြီ ၃/ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာသည့် စစ်သား ၃ ဦးအပါအဝင် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၈၀ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကိုလည်း ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်း ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ပြောကြားလိုက်သည်။

အင်္ဂါနေ့တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ သတင်းထောက်များနှင့် အမြင်ချင်းဖလှယ်စဉ် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့  ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို နေရပ်ပြန်လည်ခေါ်ယူဖို့  ဆောင်ရွက်နေသလို ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိ ခိုလှုံနေကြတဲ့  နယ်ခြားစောင့်ရဲ အဖွဲ့ဝင် ၁၈၀ ကိုလည်း  ပြန်လည် စေလွှတ်ဖို့ စီစဉ်နေပါတယ်”ဟု  နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောကြားသည်။

မြန်မာနယ်ခြားစောင့်ရဲ (BGP) အဖွဲ့ဝင်  ၁၇၇ ဦး ရှိပြီး နောက်ပိုင်းတွင် ဝင်ရောက်လာသူ စစ်သား သုံးဦး၊ စုစုပေါင်း ၁၈၀ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ခိုလှုံနေကြသည်ဟု ဟာဆန်က ပြောသည်။

“ကျွန်တော်တို့နဲ့ ဆွေးနွေးပွဲပြီးနောက် သူတို့ကို ပြန်ခေါ်ဖို့ မြန်မာအစိုးရက သဘောတူခဲ့ပါတယ်” ၎င်းက ပြောသည်။

“သူတို့က ပင်လယ်ရေလမ်းကြောင်း (ပြန်ပို့ဖို့ အဆိုပြုတယ်။) ဒီတစ်ပတ်မှာ ပြန်ပို့ချင်ပေမယ့်    ပင်လယ်ပြင်က အဆင်မပြေတဲ့ အတွက်  နောက်တစ်ပတ် ဒါမှမဟုတ် ပင်လယ် ရေငြိမ်ပြီးတာနဲ့ ပို့မယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် နည်းမျိုးစုံဖြင့် ထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို ပြန်လည်ခေါ်ဆောင်ရန် အဆိုပြုခဲ့ရာ မြန်မာစစ်ကောင်စီဘကလည်း အပြုသဘောဖြင့် တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ Ref: Dhaka Tribune

ဆက်စပ် သတင်းများ