ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း မြန်မာနိုင်ငံသား ၂ ဒသမ ၈ သန်း နေရပ်စွန့်ခွါ ထွက်ပြေးနေရပြီး ၁၈ ဒသမ ၆သန်း အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တင်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 500

(ရက္ခိုင့်တပ်တော်နှင့် ပတ်သက်ပြီးလည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြ)

နွေနေ/ နိရဉ္စရာ ဧပြီ ၅/၂၀၂၄

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ကြာသပတေးနေ့က ကျင်းပခဲ့ပြီး ကုလသမဂ္ဂ၏ ကတိအတိုင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟု သိရသည်။

ကုလလုံခြုံရေးကောင်စီသည် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ရပ်အား ချမှတ်ခဲ့ပြီနောက်ပိုင်း ယခု ပထမဦးဆုံးအကြိမ် အစ ည်းအဝေးကျင်းပခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း တစ်နေ့တခြား ကျယ်ပြန့်တိုးပွါးလာနေသော ပဋိပက္ခများကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့် ဒေသတွင်း ရိုက်ခတ်လာမှုများကို ကုလသမဂ္ဂ ထိပ်တန်းအရာရှိ နှစ်ဦးက ယခုလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်လာသော တိုက်ပွဲများကြောင့် ပြည်သူများမှာ အခြေခံလိုအပ်ချက်များ ဆုံးရှုံးနေရပြီး လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်များကို အကြီးအကျယ်ထိခိုက်နစ်နာစေလျှက်ရှိကြောင်း ကုလ လက်ထောက်အထွေထွေအတွင်းရေးမှုး ခါလစ် ခီယာရီ ကပြောကြားခဲ့သည်။

မြန်မာစစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးကျည်များ ပစ်ခတ်မှုကြောင့် သေဆုံးသူများ တစ်နေ့တခြား တိုးပွါးလာနေသည်ဟုလည်း ခါလစ် ခီယာရီက ပြောသည်။

မြန်မာစစ်တပ်၏ ခွဲခြားဆက်ဆံမှုမရှိဘဲ ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အဖွဲအစည်းသီးသီးမှ အမြောက်များဖြင့် ပစ်ခတ်မှုသတင်းများကြားတွင် အရပ်သားသေဆုံးမှုမှာ ဆက်လက် မြင့်တက် နေကြောင်း မစ္စတာ ခါလစ်က ဆိုသည်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့်  ခွဲထွက်ရေးအဖွဲ့ဖြစ်သည့်  ရက္ခိုင့်တပ်တော်တို့ အကြား တိုက်ပွဲတွေက မကြုံစဖူး ပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိနေပြီဟု ဆိုသည်။  ရက္ခိုင့်တပ်မတော်သည် ရခိုင်၏ အလယ်ပိုင်း နယ်မြေအများစုကို ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးသည့် မြောက်ဘက်သို့ တိုးချဲ့ရန် ကြိုးပမ်းနေသည်ဟုလည်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ မြန်မာစစ်တပ်၏ ဖိနှိပ်မှုကြောင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင် ရိုဟင်ကျော်တစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ လက်ရှိအကျပ်အတည်းမှ ရုန်းထွက်ပြီး ရေရှည်ခိုင်မာသည့် လမ်းကြောင်းတစ်ခု တည်ဆောက်ရန် ရိုဟင်ဂျာ ပြဿနာ၏ အခြေခံအကြောင်းအရင်းကို မဖြစ်မနေ ရှာဖွေရန် လိုအပ်ကြောင်း၊ ထိုသို့ အဖြေမရှာနိုင်ဘဲ အပြစ်ရှိသူကို အပြစ်မပေးနိုင်သရွေ့ အကြမ်းဖက်မှုသံသရာ လည်နေဦးမည်ဖြစ်ကြောင်း ခါလစ် ခီယာရီက ပြောကြားခဲ့သည်။

ထို့ပြင် မွတ်ဆလင်ဒုက္ခသည်များ ကပ္ပလီပင်လယ် နှင့် ဘင်္ဂလားပင်လယ်အတွင်း လှေဖြင့်ဖြတ်သန်းစဉ် သေဆုံးခြင်း နှင့် ပျောက်ဆုံးမှုများ တိုးပွါးနေခြင်းကို အလေးပေး ပြောကြားသွားခဲ့သည်။

ကုလ လက်ထောက်အတွင်းရေးမှူး ခါလစ်က လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းများ ဖြေရှင်းရေးအတွက် မြန်မာပြည်သူတို့ ငြိမ်းချမ်းလွတ်လပ်စွာ လူ့အခွင့်အရေးကျင့်သုံးခွင့် ရရှိရန်လိုအပ်ပြီး စစ်တပ်၏ နိုင်ငံရေးဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများ အဆုံးသတ်သွာရန် လိုအပ်သည်ဟု ဆိုသည်။

“ နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ ပဋိပက္ခမြင့်မားလာနေချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဦးတည်နေတဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်အတွက် လည်း ကုလအထွေထွေအတွင်းရေးမှူးက စိုးရိမ်နေပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

မစ္စတာ ခါလစ် ခီယာရီက မြန်မာပဋိပက္ခသည် အဓိက နယ်စပ်များကို ဖြတ်ကျော် ပျံ့နှံ့လာပြီး ဒေသတွင်း လုံခြုံရေးကို အားပျော့စေကာ ဥပဒေစိုးမိုးမှု ပျက်စီးခြင်းနှင့်အတူ တရားမဝင်စီးပွါးရေးလုပ်ငန်းများ ကြီးထွားစေခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ယခုအခါ ဘိန်းနှင့် မက်သာဖက်တမင်း မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးရာနေရာ ဖြစ်လာသလို ကမ္ဘာလုံးဆိုင်ရာ တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အလျင်အမြန်ကြီးထွားလာနေသည်ဟု ဆိုသည်။

မစ္စတာ ခါလစ် ခီယာရီက ကုလသမဂ္ဂအနေနှင့် ပေးထားသည့်ကတိအတိုင်း မြန်မာပြည်သူတို့နှင့် တစ်သားတည်း စည်းလုံးညီညွတ်စွာ အကူအညီအထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည်ဟုဆိုသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံးမှ Lise Doughten ကလည်း မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာရိုက်ခတ်မှုအခြေအနေမှာ သိသာစွာဆိုးရွားနေပြီး ကုလအနေဖြင့် အလွန်နက်ရှိုင်းစွာ စိုးရိမ်မကင်းဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ၂.၈ သန်း နေရပ်စွန့်ခွါ ထွက်ပြေးနေရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၉၀% တိုးပွါးခဲ့သည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းချိန်မှစ၍ ပြည်သူတို့၏ နေ့စဉ်ဘဝမှာ လုံခြုံမှုမရှိတော့ဟု ဆိုသည်။ မြန်မာနိုင်ငံ လူဦးရေ၏ လေးပုံတစ်ပုံခန့်ရှိ လူပေါင်း ၁၂.၉သန်းမှာ အစာရေစာ မဖူလုံမှုနှင့် ရငိဆိုင်နေရပြီး ဆေးဝါးပြတ်တောက်မှု၊ ကျန်းမာရေးနှင့် ပညာရေးစနစ် ချို့ယွင်းပျက်စီးမှုများနှင့် ကြုံတွေ့နေရသည်ဟုဆိုသည်။

ကျောင်းနေရွယ်ကျောင်းသား သုံးပုံတစ်ပုံမှာ ယခုအခါ စာသင်ခန်းပြင်ပ ရောက်နေရသည်ဟု ဆိုသည်။ တိုးပွါးလာနေသော အကြမ်းဖက်တိုက်ခိုက်မှုများက အမျိုးသမီးနှင့်ကလေးများ အပေါ်ရိုက်ခတ်မှုရှိနေပြီး ၄င်းတို့အနက် ၉.၇သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိသည်ဟု ဆိုသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ခန့်မှန်းချေအရ ယခုနှစ်အတွင်း မြန်မာလူဦးရေ ၁၈.၆ သန်း အကူအညီလိုအပ်လျှက်ရှိရာ ၂၀၂၁၊ ဖေဖော်ဝါရီလနောက်ပိုင်း အဆ ၂၀ တိုးပွါးလာသည်ဟု ဆိုသည်။ ref: news.un.org

(မှတ်ချက်။ ။ UN ၏ အစီရင်ခံစာပါအတိုင်း မူရင်းအာဘော်မပျက် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

ဆက်စပ် သတင်းများ