ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဒုတိယအကြိမ်ပြည်သူ့ညီလာခံနှင့် အန်ယူစီစီ ဘာလဲ၊ ဘယ်လဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 303

ဒုတိယအကြိမ်ပြည်သူ့ညီလာခံနှင့် အန်ယူစီစီ ဘာလဲ၊ ဘယ်လဲ

နိဒါန်း

၂၀၂၄ ခုနှစ် မတ်လ ၈ ရက်သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းခြင်း (၃) နှစ် မြောက်နေ့ ဖြစ်သည်။ ရွေးကောက်ခံလွှတ်တော်အမတ်များအပါအဝင် အသွင်သဏ္ဍန်မျိုးစုံဖြင့် လူထုထောက်ခံ မှုကို ရရှိနေကြသော အင်အားစုများစုပေါင်းဖွဲ့စည်းထားသည့် NUCC သည် ၎င်းတို့ကိုယ်တိုင် (၆) လ တကြိမ် ပြုလုပ်ရန် မူဝါဒချမှတ်ထားသည့် ပြည်သူ့ညီလာခံကို တာဝန်ခံရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုမူ (၆) လအတွင်း ကျင်းပနိုင်ရန် နှောင့်နှေးကြန့်ကြာနေခဲ့ပါသည်။ ထို့ကြောင့် NUCC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် တာဝန်ခံယူမှု၊ တာဝန်ခံမှုသည် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

“စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညီညွတ်မှု အင်အားတို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်” ဟူသော အချက်သည် ပထမအကြိမ်ပြည်သူ့ညီလာခံအပြီး ထုတ်ပြန်ချက်ပါ အချက် (၁၀) ချက်ထဲမှ တချက်ဖြစ်ပြီး (၂) နှစ်ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုရပါမည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မကြာခင်ကျင်းပရန် လျာထားသည့် ဒုတိယအကြိမ်ပြည်သူ့ညီလာခံအတွင်း NUCC ၏ အခန်းကဏ္ဍ၊ NUCC ၏ ဦးတည်ရာနှင့် ၎င်းတို့၏ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို အခြေပြုကာ လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

ဒုတိယအကြိမ်ပြည်သူ့ညီလာခံ

၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက် ၊ ၅ ရက်နှင့် ၆ ရက်နေ့များတွင် NUCC ၏ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို ကျင်းပရန် ရက်သတ်မှတ်လိုက်ကြောင်း မတ်လ ၂၈ ရက်တွင် NUCC က ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုအစည်းအဝေး (Townhall Meeting) တွင် မတ်လအတွင်း ပြုလုပ်မည်ဟု ပြည်သူလူထုထံအစီရင်ခံခဲ့သော်လည်း ညှိနှိုင်းပြင်ဆင်မှုများဆောင်ရွက်ရာတွင် အချိန်လုံလောက်မှု ရှိစေရန်ဟုဆိုကာ မတ်လအတွင်း ညီလာခံ မကျင်းပနိုင်ခဲ့ခြင်းအပေါ် အကြောင်းပြ ထားပါသည်။

ပထမအကြိမ် ပြည်သူ့ညီလာခံအပြီး ဆုံးဖြတ်ချက်များတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုကြောင်း၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းကြောင်း၊ NUCC အဖွဲ့ဝင် အစုအဖွဲ့များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် သဘောတူအတည်ပြု (Ratify) ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်သူ့ညီလာခံ ရှေ့မှောက်တွင် ထပ်လောင်းအတည်ပြုကြောင်း၊ NUCC ၏ ဦးဆောင်မှု ခိုင်မာအားကောင်းစေရန်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်စေရန်အတွက် NUCC နှင့် NUG အကြား လုပ်ငန်းများချိတ်ဆက်မှု ပိုမိုကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြည့်စွက်ရန် စသော အတည်ပြု ဆုံးဖြတ်ချက် (၈) ချက်ကို ထုတ်ပြန်ခဲ့ပါသည်။[1]

လာမည့်ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင်မူ မည်သို့သော အကြောင်းချင်းရာများအပေါ် အခြေပြုပြီး မည်သို့သော အတည်ပြု ဆုံးဖြတ်ချက်များကို ထပ်မံမြင်တွေ့ရမလဲဆိုသည်က စောင့်ကြည့်ချင်စရာ ဖြစ်နေပါသည်။ အလားတူ ၃ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေမှုကို အဆုံးသတ်ပစ်နိုင်ရေးအတွက်လည်း NUCC ၏ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်နိုင်စွမ်းကိုလည်း နွေဦးတော်လှန်ရေးအင်အားစုများက အားမလိုအားမရဖြင့် စောင့်ကြည့်နေကြ သည်ဟု ဆိုရပါမည်။

အကြောင်းမူ “အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းမှု ဆိုင်ရာအစီအမံများ ညှိနှိုင်းဆွေးနွေးအတည်ပြုဆောင်ရွက်ရန်” ဟူသည်က ပြည်သူ့ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက် မဟုတ်ပါလား။

အန်ယူစီစီ ဘာလဲ၊ ဘယ်လဲ

ဖက်ဒရယ်ဒီမိုက‌ရေစီပဋိညာဉ် အစိတ်အပိုင်း (၂) အရ  ပြည်သူ့ညီလာခံကို တာဝန်ခံရသည့် NUCC တွင် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဂျဲန်ဒါအရေး၊ CDM အ‌ရေး၊ ဖက်ဒရယ်အရေး စသဖြင့် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ (၉) ခုကို ဖွဲ့စည်းထားသည်။ ဖက်ဒရယ်ဒီမိုက‌ရေစီပဋိညာဉ် အစိတ်အပိုင်း (၁) တွင် ကတိကဝတ်ပြု ဖော်ပြထားသော အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြ မြေပုံပါ အချက် (၁၂) ချက်ကိုလည်း တဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိသည်ကို တွေ့ရပါသည်။ နိုင်ငံရေးလမ်းပြမြေပုံပါ (၈) ခု မြောက် အဆင့်ဖြစ်သော “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခြင်း” အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် NUCC က ဖွဲ့စည်းခဲ့သည်။ NUCC ကောင်စီဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)Kachin Political Interim Coordination Team (KPICT) စသည့် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်သည့် အဖွဲ့ဝင် ၂၄ ဦး ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန် ထားသည်။[2]

(၆) လ တကြိမ် ပြည်သူ့ညီလာခံကျင်းပနိုင်ရေး ပျက်ကွက်ခဲ့သည့် NUCC သည် နွေဦးတော်လှန်ရေး (၃) နှစ် ပြည့်လူထုအစည်းအဝေး (Townhall Meeting) တွင်တော့ ၃ နှစ်တာ ကာလအတွင်း ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် စိန်ခေါ်မှုများအား ပြည်လူလူထုထံ ချပြခဲ့ပါသည်။ ပြည်သူ့ရဲတပ်ဖွဲ့ဥပေဒေ၊ နိုင်ငံခြားရေးမူဘောင်၊ အသွင်ကူးပြောင်းရေးကာလ အစီအမံနှင့်ဆိုင်သော အကြံပြုချက်စာတမ်း၊ စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်နှင့် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးလုပ်ငန်းစဉ်၊ လူသားချင်းစာနာ ထောက်ထားအကူအညီပေးရေးဆိုင်ရာ မူဝါဒစသော အတည်ပြုခဲ့သည့် ဥပဒေကြမ်း၊ မူဝါဒနှင့် စာတမ်း (၁၇) ခု၏ အမည်များ၊ သုံးနှစ်တာကာလအတွင်း နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာ အရေးအရာအလိုက် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက် (၃၀) ကျော်၊ နိုင်ငံတကာအရေး ကိစ္စများတွင် ထိတွေ့ဆက်ဆံလျက်ရှိသော နိုင်ငံ (၂၄) နိုင်ငံနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းပေါင်း (၂၃) ဖွဲ့ ရှိကြောင်း စသည်တို့အား အစီရင်ခံခဲ့ပါသည်။

တဆက်တည်းတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဥ်အရ စုဖွဲ့မှုများတွင် အမျိုးသမီး (၃၀) ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ရမည်ဟု ပြဌာန်းထားသော်လည်း အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးခြင်းနှင့် လူငယ်များ၏ ကိုယ်စားပြုပါဝင်မှု မထည့်သွင်းနိုင်သေးခြင်း၊ ပြည်သူ့ညီလာခံကို (၆) လတကြိမ် ကျင်းပရန် လျာထားသော် လည်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို မကျင်းပနိုင်သေးခြင်းနှင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်မှု မရှိသေးခြင်းတို့သည် NUCC ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများဖြစ်သည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ အင်အားစုများအားလုံး လက်တွေ့ပူးပေါင်း ပါဝင်လာရေးအတွက် စည်းရုံးစုစည်းရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်ဟူသည့် တာဝန်ကိုလည်း အကောင်အထည် မဖော်နိုင်သေးခြင်း၊ ဘုံသဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် နှောင့်နှေးမှုများ ရှိနေခြင်းတို့သည်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ လူထုအစည်းအဝေးတွင် တင်ပြခဲ့သော NUCC ၏ စိန်ခေါ်မှုများ ဖြစ်နေပါသည်။[3]

 

ထို့ကြောင့် တော်လှန်ရေးအင်အားစုအသီးသီးနှင့် ခိုင်မာသော ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် ရရှိရေး၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံများနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၂၀၂၄ ခုနှစ်အတွင်း ပြီးပြတ်အောင်ရေးဆွဲနိုင်‌ရေး၊ NUCC ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများ မြန်ဆန်သွက်လက်လာစေရေးတို့သည် ၎င်းတို့ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများ ဖြစ်ကြောင်း NUCC ကောင်စီဝင်တဦးဖြစ်သူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) မှ တွဲဖက်အတွင်းရေးမှူး မနှင်းနှင်းမွှေးက အစီရင်ခံတင်ပြခဲ့သည်။

သုံးသပ်တင်ပြချက်

“နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် Town Hall Meeting / လူအစည်းအဝေး” တွင် တင်ပြခဲ့သော NUCC ၏ ပြည်သူလူထုထံသို့ အစီရင်ခံစာကို လေ့လာကြည့်ပါက “ဖက်ဒရယ်ဒီမိုကရေစီ ပဋိပဉာဉ် အစိတ်အပိုင်း (၂)”[4] ပါ NUCC ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်သည် မအောင်မြင်သေးဟု ကောက်ချက်ချနိုင်သကဲ့သို့ ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကိုလည်း ကျေပွန်စွာ မထမ်းဆောင်နိုင်ကြသေးဟု သုံးသပ်ရမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ လူထုထောက်ခံမဲဖြင့် တရားဝင်မှု (De Jure Legitimacy) ရရှိထား သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေအတွင်း လူထုထောက်ခံမှုဖြင့် အုပ်ချုပ်မှုယန္တရားများ လည်ပတ်လျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်နှင့် လူမျိုးအခြေပြု  ဖွဲ့စည်းထားသော အတိုင်ပင်ခံကောင်စီများ၊ နိုင်ငံရေး ပါတီများ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သော လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစား အလွှာစုံပါဝင်သော နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးသည် NUCC ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများ အောင်မြင်ပေါက်မြောက်ရေးအတွက် တာဝန်ယူရပေလိမ့်မည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအား အကြောင်းပြုပြီး ဖြစ်တည်ပေါက်ဖွားလာသည့် NUCC သည် နွေဦးတော်လှန်ရေး အင်အားစုများ၏ စုစည်းညီညွတ်ခြင်းပြရုပ်ကို ထင်ဟပ်စေသကဲသို့ NUCC ၏ ဦးဆောင်မှုနှင့် အတွန်းအရွေ့၊ အတိုးအလှုပ်များသည်လည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆီသို့ ဦးတည်နေသော နွေဦးတော်လှန်ရေးအတွက် ခွန်အားတရပ် ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် NUCC ဖွဲ့စည်းခြင်း (၃)နှစ် ကျော်အတွင်း ရရှိခဲ့သည့် အခက်အခဲ၊ အကျပ်အတည်းနှင့် စိန်ခေါ်မှုများအား အဖိုးမဖြတ်နိုင်သော သင်ခန်းစာများအဖြစ် မှတ်ယူကာ ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွား၊ မာနတရား၊ အယူအဆနှင့် တိမ်းညွတ်မှုများကို ရှေ့တန်းမတင်ကြဘဲ သုံးသပ်အဖြေရှာရန် လိုအပ်နေပြီ ဖြစ်သည်။

ဧပြီလပထမအပတ်အတွင်း ပြုလုပ်မည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံသည် အကျပ်အတည်းများကြားမှ ရုန်းထလာသည့် ပြရုပ်မှတ်တိုင်အသစ် ဖြစ်လာပေလိမ့်မည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများအား အောင်မြင်ပေါက်မြောက်စေရန်အတွက်  လမ်းစဖွင့်ပေးနိုင်ရေးကိုလည်း ပြည်သူ့ညီလာခံက ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ တစ်လနှစ်ကြိမ်ထုတ် သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၄၁ မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။)

 [1] ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက် ၊ ၃၀ ဇန်နဝါရီ ၂၀၂၂၊ https://bit.ly/4axU5tS

[2] နွေဦးတော်လှန်ရေးတပ်ဦး သို့မဟုတ် NUCC အခန်းကဏ္ဍ၊ https://mmpeacemonitor.org/314355/the-role-of-the-vanguard-of-the-spring-revolution-or-the-nucc-issue-76/

[3]နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် Town Hall Meeting / လူအစည်းအဝေး” https://www.facebook.com/nucc.federal/videos/7181893741918826?locale=en_GB

[4] မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂၊ စာ-၁၈၅ ၊ https://mmpeacemonitor.org/my/313677/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8-5/

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!