- အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၂၄
၁၀၂၇ စစ်ဆင်ရေး ၅ လကျော်အတွင်း မြို့ပေါင်း ၅၂ မြို့ကို တော်လှန်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ထားကြောင်း BNI ၏ မြန်မာ့ငြိမ်းချမ်းရေး
စောင့်ကြည့်ရေးအဖွဲ့ / MPM ၏ မတ်လ
နောက်ဆုံးအပတ် ထုတ်ပြန်သည့် အစီအရင်ခံစာတွင်
ဖော်ပြသည်။
မြန်မာနိုင်ငံအတွင်း ရခိုင်တွင် ၉ မြို့၊ ချင်းတွင် ၉ မြို့၊
ရှမ်းမြောက်ပိုင်းတွင် ၁၈ မြို့၊ ပဲခူးတိုင်းတွင် ၁ မြို့၊
ကရင်နီ(ကယား)တွင် ၅ မြို့၊ ကရင်တွင် ၁ မြို့၊ ကချင်တွင် ၃ မြို့၊
ရှမ်းတောင်ပိုင်းတွင် ၂ မြို့၊ စစ်ကိုင်းတိုင်းတွင် ၄ မြို့ စုစုပေါင်း ၅၂
မြို့ကို သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ဖော်ပြသည်။
တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါင်း ၅၂ မြို့အထိ
သိမ်းပိုက်လာနိုင်မှုအပေါ် BNI မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့မှ
တာဝန်ခံတဦးက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
"ဒီလို မြို့တွေသိမ်းပိုက်လာနိုင်တဲ့
အကြောင်းအရင်းကို ကြည့်ရင် ၁၀၂၇ စစ်ဆင်ရေးက စတင်တယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီတော့
၁၀၂၇ စစ်ဆင်ရေးရဲ့ မဟာဗျူဟာကျကျပြင်ဆင်နိုင်မှု၊ သတင်း အချက်အလက်လုံခြုံမှု၊ နောက်ပြီး စစ်ဆင်ရေး ဦးတည်ချက်ခိုင်မာပြတ်သားမှု၊
အားကောင်းတဲ့ ပေါင်းစည်း ညီညွတ်မှု ဒီလိုမျိုးအချက်တွေက
စစ်ဆင်ရေးရဲ့အောင်မြင်မှုကို သက်ရောက်စေပါတယ်။ နောက်ပြီး တဆက်တည်းမှာလည်း
ချိန်သားကိုက်လုပ်ဆောင်နိုင်မှုပေါ့။ ဥပမာ ၁၁၁၁ စစ်ဆင်ရေးလိုမျိုး
နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နေရာဒေသအသီးသီးက တပြိုင်နက် စစ်ကောင်စီကို
ထိုးစစ်ဆင်မှုတွေကလည်း မြို့သိမ်းနိုင်တဲ့ ကိန်းဂဏန်းကို တိုးမြင့်စေတယ်လို့
ပြောလို့ရပါတယ်" ဟုပြောသည်။
နွေဦးတော်လှန်ရေးအင်အားစုများနှင့် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ
ပါဝင်လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများအကြား ချိန်သားကိုက်ပူးပေါင်းဆောင်ရွက်မှုများကို
ပိုမို အားကောင်းအောင် လုပ်ဆောင်ပါက နိုင်ငံတဝန်းစစ်ရေးအဟုန်ပိုမြင့်လာပြီး
စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ထပ်မံမြင်တွေ့ရအုံးမည်ဟုလည်း သူက
ဆက်ပြောသည်။
"နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ၁၀၂၇
စစ်ဆင်ရေးအတွင်းမှာ ပါဝင်လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေအကြား ချိန်သားကိုက်ပူးပေါင်းဆောင်ရွက်မှုတွေ၊
ချိန်သားကိုက် စစ်ရေး လုပ်ဆောင်မှုတွေကို ပိုမိုအားကောင်းအောင်
လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဆက်ပြီး မြို့သိမ်း စခန်းသိမ်း တိုက်ပွဲတွေဟာ ပိုမို မြင်တွေ့ရဖွယ်ရှိတယ်"ဟု ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာအရ မတ်လ ၁၃
ရက် မှ မတ်လ ၂၆ ရက် အထိ နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်နှင့် မြို့ပြ ဒေသအလိုက်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(ERO)များ အကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၁၇ ကြိမ် ရှိခဲ့ပြီး
တိုင်းနှင့် ပြည်နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ကချင်ပြည်နယ်သည် တိုက်ပွဲ ဖြစ်ပွားမှု ၆ ကြိမ်နှင့် တိုက်ပွဲဖြစ်ပွားမူ
အများဆုံးဒေသအဖြစ်တွေ့ရှိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ၂ဝ၂၄
ခုနှစ်၊မတ်လ ၂၆ ရက်နေ့အထိဆိုလျှင် မြန်မာတစ်နိုင်ငံလုံးတွင်တိုက်ပွဲဖြစ်ပွားမှုစုစုပေါင်း
၁၁၄၉ ခု အထိ ရှိခဲ့သည်ဟုလည်း သိရသည်။
အဆိုတိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ကောက်ယူ မှတ်တမ်းပြုရာတွင် မြို့နယ်အလိုက် တစ်ရက်ကို ဖြစ်စဉ်တစ်ခုအဖြစ်သာ
မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး အကြိမ်ရေအားဖြင့်မူ
ယခုထက်ပိုမိုများပြားနိုင်သည်ဟု BNI-MPM က ပြောဆိုထားသည်။
ယင်းအပြင် နှစ်ပတ်တာအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု၊
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊အရပ်သားနေအိမ်များကို
မီးရှို့ဖျက်ဆီးမှုများကြောင့် ပဲခူး၊ ကချင်၊ ရခိုင်၊ ကရင်နှင့်စစ်ကိုင်း စသည့်တိုင်းနှင့်ပြည်နယ်အသီးသီးမှဒေသခံပြည်သူ
၅၀၆၅၁ ဦးခန့်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရပြီး ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၁
ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ မတ်လ ၂၆ရက်နေ့အထိဆိုလျှင် စစ်ကြောင့်
ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း
သုံးသန်းနီးပါး (၂,၉၇၆,၁၅၀) ဦးခန့်အထိရှိလာသည်ဟု
ဖော်ပြသည်။
ထို့အပြင် မတ်လ၊ ၁၃ ရက် မှ ၂၆ ရက် အထိ နှစ်ပတ်တာတိုက်ပွဲအတွင်း
စစ်ကောင်စီတပ်သား၂၁၂ ဦး သေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေး တပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး
ရခိုင်၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ မန္တလေး၊ ရှမ်း၊ မကွေး၊ မွန်၊ ဧရာဝတီ၊ ချင်း၊
ကချင်၊ ကယားနှင့် ရန်ကုန် စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ အရပ်သားပြည်သူ ၁၅၂ ဦး
သေဆုံးခဲ့သည်ဟု BNI မှဖော်ပြထားသည်။