အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

မြဝတီမြို့တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီ (စစ်ကောင်စီ၏ ခမရ(၂၇၅) တပ်ရင်း အလံဖြူထောင် လက်နက်ချ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဧပြီ ၆/ ၂ဝ၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ မြဝတီမြို့စောင့်တပ်အဖြစ် နောက်ဆုံးကျန်ခဲ့သည့် စစ်ကောင်စီ၏ ခမရ(၂၇၅) တပ်ရင်းမှာ ယနေ့ ဧပြီလ ၆ ရက်နေ့ နေ့လယ် ၂ နာရီကျော်ခန့်က အလံဖြူထောင်ကာ လက်နက်ချလိုက်သဖြင့် မြဝတီတစ်မြို့လုံးကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နေ့လည် ၂ နာရီခန့်ကလည်း မြဝတီမြို့ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ပြည်သူ့ ကာကွယ်ရေးတပ်များဖြစ်သည့် KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ခမရ (၃၅၅၊ ၃၅၆၊ ၃၅၇) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အဆိုပါ ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

" နောက်ဆုံးကျန်တဲ့ ၂၇၅ ကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။ အလံဖြူထောင်လက်နက်ချတာပါ" ဟုပြောသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း သင်္ဃန်းညီနောင်တွင် နောက်ဆုံးကျန်နေသည့် ခမရ ၂၇၅ တပ်ရင်းတစ်ခုလုံးအလံဖြူထောင်လက်နက်ချပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုထားသည်။

မြဝတီမြို့နှင့် ၁ဝ မိုင်ခန့်အကွာရှိ အဆိုပါ သင်္ဃန်းညီနောင်မှ စစ်ကောင်စီ၏ ခမရ ၃၅၅ နှင့် ၃၅၆ တို့ကို လွန်ခဲ့သည့် မတ်လ  ၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် နောက်ဆုံးကျန်ခဲ့သည့် ၃၅၇နှင့် ၂၇၅ တပ်ရင်းတို့က အလံဖြူထောင်ကာ လက်နက်ချသဖြင့်  မြဝတီမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအလံဖြူထောင်လက်နက်ချသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင် ၄ဝဝ နီးပါးအပြင် တပ်ရင်းတစ်ခုလုံးရှိ လက်နက်ကြီး၊ လက်နက်များအားလုံးကို သိမ်းပိုက်ရရှိထားသည်ဟု  KNU သတင်းရင်းမြစ်များမှ သိရသည်။ 

ဆက်စပ် သတင်းများ