ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ လိပ်ကျွန်း ကူးတို့သင်္ဘောမီးလောင်ရာ၌ မြန်မာနိုင်ငံသား လူငယ်တစ်ဦး သေဆုံးခဲ့ပြီး သုံးရက်ကြာမှ အလောင်းကို စက်လှေတစ်စီးက ရှာဖွေတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 301

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၈/ ၂ဝ၂၄

ပြီးခဲ့သည့် ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ကော့တောင် လိပ်ကျွန်းတွင် ကူးတို့သင်္ဘောတစ်စီး မီးလောင်ခဲ့ရာ၌  မြန်မာနိုင်ငံသားလူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အသက် ၁၈ နှစ်အရွယ် မောင်ချစ်နိုင်အောင် ဖြစ်သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က စူရတ်ဌာနီမှ လိပ်ကျွန်းသို့ ခရီးသည် ၁၀၈ ဦး တင်ဆောင်လာသော  ကူးတို့သင်္ဘောသည် လိပ်ကျွန်းရောက်ရန် ရေမိုင် သုံးမိုင်ခန့်အကွာတွင် မီးလောင်မှုဖြစ်ပွါးသဖြင့် ခရီးသည်များ ရေထဲခုန်ဆင်းထွက်ပြေးခဲ့ရသည်။ 

စက်လှေမီးလောင်မှုဖြစ်ပွါးစဉ် လိပ်ကျွန်းမှ ကယ်ဆယ်ရေးလှေများ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့သဖြင့် ခရီးသည်အားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ရေးသားဖော်ပြခဲ့သည်။


သို့သော် အဆိုပါစက်လှေ မီးလောင်မှုဖြစ်ပွါးပြီး သုံးရက်အကြာ ဧပြီလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ငါးဖမ်းစက်လှေတစ်စီးက မောင်ချစ်နိုင်င်အောင်၏ အလောင်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မောင်ချစ်နိုင်အောင်၏ အစ်မဖြစ်သူက “ သူက ရေမကူးတက်ဘူး။ မီးလောင်တော့ အသက်ကယ် အင်္ကျီကလည်း မိန်းကလေးနဲ့ ကလေးတွေကိုဦးစားပေးတယ်။ နောက်ပြီးနိုင်ငံခြားသားတွေကိုပဲ ဦးစားပေးတယ်။ အသက်ကယ်အင်္ကျီက ၅ဝ ကျော်လောက်ပဲပါတယ်လို့ကြားတယ်။ တကယ်ဆို လှေပေါ်မှာ ၁ဝ၈ ယောက်လောက်ပါတယ်လို့ပြောတယ်” ဟုပြောသည်။

ဧပြီလ ၄ ရက်နေ့က မီးလောင်ခဲ့သော စက်လှေပေါ်တွင်  ကုန်ပစ္စည်းများ၊ ကားများနှင့် နိုင်ငံခြား ခရီးသွားဧည့်သည်များအပါအဝင် မြန်မာနိုင်ငံသားအများအပြားလိုက်ပါလာသည်ဟု သိရပြီး မီးအကြီးအကျယ်လောင်နေသည့် ရုပ်သံများ လူမှု့ကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

မောင်ချစ်နိုင်အောင်၏ ရုပ်အလောင်းအား ဧပြီ ၉ ရက်နေ့တွင် လိပ်ကျွန်း၌ သင်္ဂြိုလ်ရန် စီစဉ်ထားကြောင်း မိသားစုဝင်များက ပြောသည်။

ဆက်စပ် သတင်းများ