ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron ၏အစုရှယ်ယာများ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်နေကြောင်း JFM ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 212

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၈ / ၂၀၂၄

အမေရိကန် စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် (Chevron) ၏ အစုရှယ်ယာများအား စစ်ကောင်စီလက်အောက်ရှိ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ပြန်လည်ရောင်းချမှုသည် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နိုင်ရန် ဆက်လက်ခွင့်ပြုပေး လိုက်ခြင်းဖြစ်ကြောင်း Justice For Myanmar က ဧပြီလ ၈ ရက် ဒီနေ့တွင် ထုတ်ပြန်ထားသည်။

စစ်အုပ်စု၏ လူမဆန်သော သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အရပ်သားပြည်သူများကို အဓမ္မ ရွှေ့ပြောင်းစေမှုများအား ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေများက ထောက်ပံ့ပေးထားသည်။ ယင်းအချက်ကို ယခုချက်ချင်းပင် ရပ်တန့်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံတို့အနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူရန်နှင့် အမေရိကန်အနေဖြင့် MOGE ကို အပြည့်အ၀ပိတ်ဆို့အရေးယူရန်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် လက်ရှိချမှတ် ထားသော ပိတ်ပင်တားမြစ်ချက်အား ဆက်လက်သက်တမ်းတိုးရန်တို့ လုပ်ဆောင်ရန် လည်း Justice For Myanmar မှ တိုက်တွန်းထားသည်။

 ရတနာဓာတ်ငွေ့စီမံကိန်းမှ Chevron ၏ အစုရှယ်ယာများကို ကျန်အစုရှယ်ယာရှင်များဖြစ်သည့် ထိုင်းနိုင်ငံ၏ PTTEP နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက တရားမဝင် သိမ်းယူထိန်းချုပ်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ထံ ပြန်လည်ခွဲဝေ ရောင်းချခဲ့ကြောင်း JFM မှထုတ်ပြန်ထား သည်။

 ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် တရားမ၀င်စစ်အုပ်စုအတွက် အမြတ်အစွန်းများသော ဝင်ငွေ ရင်းမြစ် တစ်ခုဖြစ်ပြီး၊ ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အတွက် ငွေကြေး ထောက်ပံ့ပေးနေခြင်းလည်း ဖြစ်ကြောင်းသိရသည်။

 Chevron နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် ရတနာစီမံကိန်းအား ဆက်လက် ပူးတွဲလုပ်ကိုင်နေခြင်းအားဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပါ၀င်ပတ်သက်ခဲ့ကြကြောင်းသိရသည်။

 Chevron အနေနှင့် ယခုကဲ့သို့ ထွက်ခွာခြင်း နည်းလမ်းတစ်ခုတည်းဖြင့် OECD လမ်းညွှန်ချက်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများအောက်ရှိ ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန် ဝတ္တရားများကို ရှောင်လွဲနိုင်မည်မဟုတ်ပေ။ 

PTTEP နှင့် MOGE တို့ထံ ၎င်း၏ ပိုင်ဆိုင်မှုများ လွှဲပြောင်း ရောင်းချမှုသည် နိုင်ငံတကာရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားစေရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပြီး၊ ယင်းမှာ ငွေကြေးနှင့် အရင်းအမြစ်များသည် အဆိုပါရာဇ၀တ်မှုများကို ကျူးလွန်သူများ၏ လက်ထဲတွင် ရှိနေဆဲဖြစ်ခြင်း ကြောင့်ပင်ဖြစ်ကြောင်း JFM မှထုတ်ပြန် ထားသည်။

 Chevron အနေဖြင့် မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှု ရှိသင့်သလို၊ ၎င်း၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို ဖွင့်ဟထုတ်ဖော်ပြီး တာဝန်ယူမှုအပြည့်ဖြင့် ထွက်ခွာရန်နှင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ စီးပွားရေး လုပ်ငန်းများကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက် လျော်ကြေးပေးရန် မည်သို့စီစဥ်ထားကြောင်း စသည်တို့ကို ဖော်ပြသင့်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 ရတနာနှင့် ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၏ PTTEP သည် တရားမဝင် မြန်မာစစ်အုပ်စု၏ အဓိကစီးပွားရေးမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိ နေမည် ဖြစ်ကြောင်း JFM မှဆိုသည်။

 PTTEP အနေဖြင့် လုံခြုံစွာ ထိန်းသိမ်းပေးထားမည့် အကောင့်တစ်ခုတွင် ရန်ပုံငွေအားလုံးကို သိမ်းဆည်းထားခြင်း သို့မဟုတ် တာဝန်သိစွာထွက်ခွာခြင်းအားဖြင့် စစ်အုပ်စုအား ငွေပင်ငွေရင်းထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရပါမည်။

 PTTEP အစုရှယ်ယာရှင်များသည်လည်း ကုမ္ပဏီနှင့် ထိတွေ့ဆက်ဆံရန် တာဝန်ရှိနေပြီး၊ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကျူးလွန်သော ရက်စက်ယုတ်မာမှုများအား ထောက်ပံ့နေမှုများ ရပ်တန့်စေရန် သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းခြင်းမျိုး ဆောင်ရွက်ရန် တာဝန်ရှိကြောင်း JFM မှထုတ်ပြန် သည်။

 တရားမဝင်စစ်အုပ်စုကို ရတနာဓာတ်ငွေ့စီမံကိန်းမှ ဝင်ငွေများ ပေးချေနေခြင်းများအပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏ တစိုက်မတ်မတ် ဖိအားပေးမှုကြောင့် Chevron သည် ၎င်း၏ လုပ်ငန်းရုတ်သိမ်းတော့မည့် အစီအစဥ်အား ကြေငြာခဲ့ပြီး၊ ၂ နှစ်ကျော်အကြာတွင်တော့ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

 ကနေဒါပိုင် MTI Energy သို့ ရောင်းချရန် ပြင်ဆင်နေသည့် Chevron ၏ မူလအစီအစဥ်အား အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းလိုက်ပုံရကြောင်း JFM မှထုတ်ပြန် ထားသည်။

 ဓာတ်ပုံ- Justice For Myanmar

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!