တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်က လက်နက်ကြီးများ၊ စက်သေနတ်တင် စစ်သုံးကားများဖြင့် လုံခြုံရေးတိုးမြှင့်ထားပြီး မြဝတီဘက်ခြမ်းကို အသင့်အနေအထားဖြင့် စောင့်ကြည့်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 209

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဧပြီ ၁ဝ/ ၂ဝ၂၄

မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်သည် ထိုင်း- မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး အသင့်အနေအထား စောင့်ကြည့်လျှက်ရှိကြောင်း သိရသည်။ 

ယမန်နေ့က မြဝတီဘက်ခြမ်းမှ လက်နက်ကြီးပစ်သံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကျယ်လောင်စွာကြားရပြီး အလွန်နီးကပ်နေသဖြင့် ထိုင်းစစ်တပ်က မြဝတီ- မဲဆောက်တံတားအမှတ်(၁) တံတားအောက်ဘက်နှင့် မဲဆောက်နယ်စပ်တလျှောက်တွင် လက်နက်ကြီးများ၊ စက်သေနတ်တပ်ဆင်ထားသည့် စစ်သုံးကားများဖြင့် လုံခြုံရေးတိုးမြှင့်ထားပြီး အသင့်အနေအထား စောင့်ကြည့်လျှက်ရှိကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်ကို တွေ့သည်။

"အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ရတ်ချမ်နူးမှ စစ်သားများသည် လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး မဲဆောက်မြို့အမြဲတမ်းနယ်စပ်ဂိတ်တွင်ချထားသည်။ မြဝတီခရိုင်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။" ဟု ထိုင်းမီဒီယာတချို့က ရေးသားထားသည်ကိုတွေ့ရသည်။

မြန်မာနယ်စပ် မြဝတီခရိုင်အတွင်း လွန်ခဲ့သည့် ဧပြီလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်များက သင်္ဃန်းညီနောင်ဗျူဟာကုန်းအပါအဝင် တပ်စခန်းတချို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

ယင်းနောက် ဧပြီလ ၁ဝ ရက်နေ့တွင် နံနက်ပိုင်းမှစ၍ လက်နက်ကြီးပစ်သံများနှင့် မြဝတီမြို့နယ်အတွင်း နေရာတချို့တွင် မီးလောင်နေသည်ကို တွေ့ရသဖြင့် မဲဆောက်နေပြည်သူများ စိုးရိမ်နေကြကြာင်း သိရသည်။

ဆက်စပ် သတင်းများ