အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

မြန်မာပဋိပက္ခများကြောင့် နယ်စပ် ကုန်သွယ်ရေး ကျဆင်းမည်ကို ထိုင်းကအလွန်အမင်း စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 385

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၄

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကုန်သွယ်မှုကျဆင်းမည်ကို ထိုင်းကအလွန်အမင်း စိုးရိမ်လျက်ရှိနေ ကြောင်း ထိုင်းသတင်း Thaiger က ဖော်ပြချက်အရသိရသည်။

ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) သည် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမို ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ နယ်စပ်ကုန်သွယ်ရေးတွင် ထပ်မံကျဆင်းလာမည်ကို စိုးရိမ်ပူပန်မှုများရှိနေသည်ဟုဆိုသည်။

မြန်မာပဋိပက္ခများကြောင့် နယ်စပ်ကုန်သွယ်ရေး ထပ်မံကျဆင်းလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လုပ်သားများ တိုးပွားလာမည်ဟု ထိုင်းက ခန့်မှန်းထားသည်။

မြန်မာ-ထိုင်း နှစ်စဉ်  နယ်စပ်ကုန်သွယ်မှု ဘတ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ) ရှိနေ သော ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ပဋိပက္ခများ ပြင်းထန်လာသည့် အခါတိုင်း ထိခိုက်နစ်နာလေ့ရှိကြောင်း FTI ဥက္ကဋ္ဌ Kriengkrai Thiennukul က ပြောသည်။

"မြန်မာနိုင်ငံက ပုံမှန်အားဖြင့် ထိုင်းနိုင်ငံကနေ လူသုံးကုန်ပစ္စည်းမျိုးစုံကို တင်သွင်းနေ တဲ့ အတွက် ကုန်သွယ်မှုတန်ဖိုး ကျဆင်းမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်”ဟု Kriengkrai  က ပြောသည်။

မြန်မာနိုင်ငံကပဋိပက္ခသည် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံသားများအကြား ကုန်စည်ပြတ်လပ်မှုကို ဖြစ်စေနိုင်ကြောင်း၄င်း က ထောက်ပြသည်။

မဲဆောက်ခရိုင်အတွင်း ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် ထိုင်းအာဏာပိုင်များက နယ်စပ်ကုန်သွယ်မှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း နိုင်ငံခြားရေး ၀န်ကြီး Parnpree Bahiddha-Nukara က လည်း ပြောကြားခဲ့သည်။

Source/ Thaiger

ဆက်စပ် သတင်းများ