အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

နေပြည်တော် အေလာလေတပ်ကို (၁၀၇) မမ ဒုံးကျည် (၇) လုံး နှင့် ထပ်မံတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 306

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၂၄

နေပြည်တော် အေလာလေတပ်ကို Mountain Knights Civilian Defense Force (MKCDF) က Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် ဧပြီလ (၁၁) ရက်နေ့ နံနက် (၄ နာရီ၊ ၄၅ မိနစ်) တွင် (၁၀၇) မမ ဒုံးကျည် (၇) လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှသေဆုံး ထိခိုက်မှုများ ရှိကြောင်း PDF Insight မှထုတ်ပြန်ထားသည်။

 “ဧပြီလ (၄) ရက်နေ့တုန်းကလည်း နေပြည်တော် အေလာလေတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အထူး တပ်ဖွဲ့ နဲ့ Shar Htoo Waw ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အချိန် (၁) ပတ်တာကာလ အတွင်း အေလာလေတပ်ကို (၂) ကြိမ် တိုက်ခိုက်နိုင်မှုဖြစ်ပြီး ပထမအကြိမ် တိုက်ခိုက်မှု အပြီးမှာ စစ်တပ် အနေနဲ့ လုံခြုံရေး တင်းကြပ်အောင် ချထားနိုင်မှု မရှိတာ၊ စစ်ရေးအရ ပေါ့လျော့တာ ကို ဒုတိယအကြိမ် BWM ရဲ့စီမံမှု နဲ့ MKCDF တိုက်ခိုက်မှုက ပြသနေပါတယ်။” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

 ၂၀၂၃ ခုနစ်၊ မတ်လ (၂၆) ရက်နေ့သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လှုပ်ရှားမှုတွင် ကျဆုံးခဲ့ရသော မောင်ကျော် (ခ) ကိုဖြိုးဇေယျာသော် မွေးနေ့ ဂုဏ်ပြုတိုက်ခိုက်မှု အဖြစ် အေလာ လေတပ်ကို BWM, MKCDF, သံတောင်မြောက်ပိုင်း အထူး ဒေသ အဖွဲ့တို့မှ ဒုံးကျည် (၃) လုံး နှင့် ပစ်ခတ်ခိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 “ မတ်လ (၂၇) ရက်နေ့မှာ အေလာလေတပ်ကိုပဲ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တန်ပြန်တဲ့အနေနဲ့ အေလာ လေတပ်ကို BWM, MKCDF တို့က ၂၀၂၃ ခုနစ်၊ ဧပြီ (၁၆) ရက်နေ့မှာ (၁၀၇) မမ ဒုံး (၄) လုံး နဲ့ ပစ်ခတ်ခဲ့ပြီး လက်ရှိ (၄) ကြိမ်မြောက် အဖြစ် အေလာ လေတပ်ကို တိုက်ခိုက်ထားပါတယ်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

 BWM အဖွဲ့သည် လေတပ်ပစ်မှတ်များအား အဓိက ထား တိုက်ခိုက်နေသော အဖွဲ့ တခု ဖြစ်ပြီး မင်္ဂလာဒုံလေတပ်၊ မှော်ဘီ လေတပ်၊ မကွေးလေတပ် တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးကြောင်းသိရသည်။

 အကြမ်းဖက် စစ်တပ် အနေဖြင့် နေပြည်တော် စစ်ရုံးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကပစ စက်ရုံ၊ မေမြို့ စစ်တက္ကသိုလ်၊ လေယာဉ်ဆီတင်သင်္ဘော၊ ဒုစစ်အာဏာရှင် စိုးဝင်း အပါအဝင် အရေးကြီး ပစ်မှတ်များစွာ ဒီရက်ပိုင်းမှာ တိုက်ခိုက်ခံနေရကြောင်းလည်း PDF Insight မှထုတ်ပြန်ထားသည်။

ဓာတ်ပုံ- PDF Insight

ဆက်စပ် သတင်းများ