အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်တို့တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 560

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဧပြီလ ၁၁ ရက်နေ့တွင် နေပြည်တော်၌  တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 

“တရုတ်-မြန်မာနှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရေးပါတိုးတက်မှုများရရှိခြင်းကို အပြုသဘောဆောင်စွာ သုံးသပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု စသည့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် သီးသန့်လှုပ်ရှားမှုကို ဆက်လက်နက်ရှိုင်း စွာဖော်ဆောင်သွား၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai  သည် ယခင် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ အပါအဝင် ခေါင်းဆောင်ဟောင်းတချို့နှင့်လည်း ပြီးခဲ့သည့် ဧပြီ ၅ရက်နေ့က တွေ့ဆုံခဲ့သေးသည်။ 

တရုတ်သံအမတ် နှင့် ပြည်ထဲရေးဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးမှုနောက်ကွယ် အခြားမည်သည့်အကြောင်းအရာများ ပါဝင်သည်ကို မသိရှိရပေ။ 

တရုတ်နိုင်ငံသည် ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Geng Shuang ကထုတ်ဖော်ခဲ့ပြီး လတ်တလော တရုတ်ကိုယ်စားလှယ်အဖွဲ့  မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းသည် ပဋိပက္ခကို စေ့စပ်ညှိနှိုင်းဖြေရှင်းရန် တရုတ်နိုင်ငံ၏ တက်ကြွစွာပါဝင်မှုကို ပြသနေကြောင်းကိုလည်း ပြောဆိုခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

ဆက်စပ် သတင်းများ