တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သည့် အခြားစစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှု စိုးရိမ်ဖွယ်အဆင့်ရောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 447

(၂၀၂၃ ခုနှစ် အတွင်းထိခိုက်သေဆုံးသူ စုစုပေါင်း ၁,၀၅၂ ဦးထိရှိခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၂၄

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်  အခြားစစ်လက်နက် အကြွင်းအကျန် ပျံ့နှံ့မှုများမှာ  ပြီးခဲ့သည့် နှစ်အတွင်း စိုးရိမ်ဖွယ်အဆင့်ရောက်လာခဲ့ပြီး မြေမြှပ်မိုင်းနှင့်  ပေါက်ကွဲ စေတတ်သည့်  အခြားစစ်လက်နက်အကြွင်းအကျန်များကြောင့် ၂၀၂၃ ခုနှစ် အတွင်း ထိခိုက် သေဆုံးသူ စုစုပေါင်း ၁,၀၅၂ ဦးထိရှိခဲ့သည် ဟု ယနေ့ ဧပြီ ၁၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်သည့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

"၂၀၂၃ ခုနှစ် အတွင်း ထိခိုက်သေဆုံးသူ စုစုပေါင်း ၁,၀၅၂ ဦးထိရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ထိခိုက်သေဆုံးသူ အရေအတွက် ၃၉၀ ဦးနဲ့နှိုင်းယှဥ်ပါက ၂၇၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးမြင့်လာတာ ဖြစ်ပါတယ်”ဟု ဆိုသည်။

တနိုင်လုံးအတိုင်းအတာဖြင့် စစ်ကိုင်းတိုင်းတွင် အများဆုံး ထိခိုက်သေဆုံးခဲ့သည်ဟု ဖော်ပြသည်။


“ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နေရပ်စွန့်ခွာ သူဦးရေအများဆုံးရှိတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ထိခိုက်သေဆုံးမှုအများဆုံး (၃၅ ရာခိုင်နှုန်း) ဖြစ်ပြီး၊ ရှမ်းပြည်နယ် (၁၂ ရာခိုင်နှုန်း) နဲ့ ပဲခူးတိုင်းဒေသကြီး ၉ ရာခိုင်နှုန်း) တို့မှာလည်း များပြားခဲ့ပါတယ်။ ကလေးသူငယ်တွေဟာ စုစုပေါင်း ထိခိုက်သေဆုံးနှုန်းရဲ့ လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်းနီးပါး) ရှိပါတယ်။"

မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်  အခြားစစ်လက်နက် အကြွင်းအကျန် ပျံ့နှံ့မှုများမှာ  ပြီးခဲ့သည့် နှစ်အတွင်း စိုးရိမ်ဖွယ်အဆင့်ရောက်လာခဲ့ပြီး အရပ်သားများ အတွက် ဆိုးရွားသည့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

“ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး နေပြည်တော်ကလွဲလို့ မြန်မာနိုင်ငံတစ်ဝန်းက တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာ မြေမြှပ်မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွေအရ သိရှိရပါတယ်။ ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့အားလုံးထံ ဒီလိုလက်နက်အသုံးပြုမှုတွေကို ရပ်တန့်ဖို့၊ အထူးသဖြင့် အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေမှာ မလုပ်ဖို့ ပန်ကြားပါတယ်” ဟု ဖော်ပြသည်။

မြန်မာနိုင်ငံအတွက် အရှိန်အဟုန်နှင့်  မျိုးဆက်ပေါင်းစုံအကျပ်အတည်းဖြစ်ပွားလာနေသည်ကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကူညီထောက်ပံ့မှုများ  အပူတပြင်း လိုအပ်နေသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။


Source/UNOCHA Myanmar 

 

ဆက်စပ် သတင်းများ