ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

ဖားဆောင်းမြို့ကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် ၅၆ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 546

လူထက်နိုင်(ဒွာရာမြီ) နိရဉ္စရာ၊ ဧပြီ ၁၃ / ၂၀၂၄

ကရင်နီပြည်(ကယားပြည်)၊ ဖားဆောင်းမြို့နယ်ကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို  ကရင်နီတော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်ပြီး  ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၅၆ ဦး  ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြထားကြသည်။

စစ်ကောင်စီတပ်သားများအား ဖမ်းဆီးရမိ ခြင်းအား ကရင်နီပြည်တပ်မတော် (KA) မှ ဧပြီလ ၁၂ ရက်နေ့တွင် ဗွီဒီယိုဖိုင်နှင့်တကွထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သား ၁၀၉ ဦးတွင်တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့် အပါအဝင် ၅၆ ဦးကိုအရှင်ဖမ်းမိထားသည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်သားများတွင် ယခင်က ကရင်နီဒေသသို့စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ်သားများပါဝင်ပြီး နောက်ပိုင်းစစ်ကြောင်းထိုးပါကလည်း အဖမ်းခံရမည်ဖြစ်ကြောင်း ကရင်နီပြည်တပ်မတော် (KA) တပ်ဝန်ရှိသူတစ်ဦးမှ ဗွီဒီယိုဖိုင်တွင်ပြောဆိုထားသည်


ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်၏ စကခ (၂) လက်အောက်ခံ တပ်ရင်းများဖြစ်သည့်  ခမရ (၅၁၅)၊ (၅၁၆) နှင့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းဖြစ်သည့် ခလရ (၁)၊ လွိုင်ကော် ဒကစ လက်အောက်ခံ တပ်ရင်း (၁၃၅) တို့ ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို  တော်လှန်ရေးတပ်ဖွဲ့များက ပါပုကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး  တစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲကို ကရင်နီပြည်တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) အပါအဝင် တော်လှန်‌ရေးတပ်ဖွဲ့များ ဆင်နွဲနေသည်မှာ နှစ်လ နီးပါး ရှိသွားပြီဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်၊ ဒဏ်ရာရခြင်းများ ရှိကြောင်းသိရသည်။

ဖားဆောင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ စေတီကုန်း( ပါပု )၊ စေတီကုန်း ( ၂ )၊ ရဲစခန်းတံတား၊ စစ်ဆေးရဲဂိတ် ( ၂ ) ခု၊ မြို့နယ်ခန်းမ၊ ထီးထာ၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်း တို့ကို သိမ်းပိုက်ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ