နိရဉ္စရာ၊ ဧပြီ ၁၇/ ၂၀၂၄
မကွေးတိုင်း အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ဧပြီလ(၁၆) ရက်နေ့က တပြိုင်နက်တည်းတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုး၇ (ကာကွယ်ရေးဝန်ကြီးဌာန) ၏ ကနဦးတိုက်ပွဲ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက ဧပြီလ(၁၆) ရက်နေ့၊ နံနက် (၉) နာရီတွင် တပြိုင်နက် တိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။
တိုက်ခိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်းလက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင်အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့ ပါဝင်သည်။
ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (C3C) မှ ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျုဟာ ပစ်မှတ်များအနက်တခုဖြစ်သည့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စစ်ဆင်ရေး ပစ်မှတ် နေရာ (၂၀)ခု ကို တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုဖြစ်စဥ်အတွင်း မိမိတို့၏ စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး အမှတ် (၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ၏ ထိခိုက်ပျက်စီးမှုများကို အသေးစိတ်စုံစမ်းနေကြောင်း ကနဦးအသိပေး ထုတ်ပြန် အပ်ပါသည်ဟု ပါရှိသည်။