အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ MSF ရုံးနဲ့ ဆေးပေးခန်း မီးလောင်ပျက်စီးခဲ့မှုအထူးပင် တုန်လှုပ်မိကြောင်း MSF ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလေးစားလိုက်နာရန် တိုက်တွန်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄  

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ နယ်စည်းမခြား ဆရာဝန်များအသင်း(MSF) ရုံးခန်းနှင့် ဆေးသိုလှောင်ရုံများ ဧပြီလ ၁၅ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း MSF က ထုတ်ပြန်ကြေညာသည်။

 ဘူးသီးတောင်မြို့နယ်ရှိ ရှိ MSF၏ ရုံးခန်းနှင့် ဆေးပေးခန်းတို့ မီးလောင်ပျက်စီး သွားခဲ့သည့်အတွက် အထူးပင် တုန်လှုပ်မိကြောင်းMedecins Sans Frontières (MSF) မှ ယမန်နေ့က ထုတ်ပြန်သည်။

 

MSF ၏ ရုံးခန်းနှင့် ဆေးပေးခန်း မီးလောင်မှုသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုအခွင့်အလမ်းများဆုံးရှုံးသွားခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်နိုင်ရေးအတွက်လည်း ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း(MSF) က ဆိုသည်။

 

ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဆေးပစ္စည်းနှင့် ရုံးသုံးပစ္စည်းများ အားလုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ယင်းတွင် ပဋိဇီဝဆေးများကဲ့သို့သော အသက်ကယ်ဆေးများ၊ အဆုတ်ရောင် ရောဂါကဲ့သို့သော ရောဂါများကို ကုသရာတွင် အဓိကပါဝင်ပြီး အသက်ငါးနှစ်အောက်ကလေးများကို အဓိကထိခိုက်စေသည်။



 

ပြီးခဲ့သည့်သောကြာနေ့မှစပြီး ဘူးသီးတောင်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးလာနေချိန်တွင် MSF ရုံး ဖျက်ဆီးခံရခြင်းဖြစ်သည်။  

 

အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံရမှုကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရပြီး အိုးအိမ်မဲ့ဖြစ်နေကြရသူများသည် MSF ရုံးနှင့်အနီးအနီးတစ်ဝိုက်တွင် ပုန်းရှောင် ခိုလှုံနေကြရသည်။

 

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှု တာ၀န်၀တ္တရားများ နှင့်ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကိုတိုက်ခိုက်ခြင်းမပြုလုပ်ရန် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပ ေဒကိုလေးစားလိုက်နာရန် MSF က တိုက်တွန်းအပ်ပါသည် ဟု MSF ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အရေးပေါ် ဆေးဝါးထောက်ပံ့မှုများ ပြုလုပ်နိုင်ရေး၊ ဘူးသီးတောင်တွင် ပျက်စီးသွားသော MSF ရုံးအတွက် ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ဖြည့်ဆည်းထားရှိရေး လွယ်ကူချောမွေ့စေရန်နှင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့် ပိတ်ပင်ထားမှု ပြန်လည်ရရှိရေးတို့ကို ထည့်သွင်းစဉ်းစားရန် သက်ဆိုင်ရာအာဏာပိုင်များကို ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည် ဟုMSF ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

(MSF ၏ ထုတ်ပြန်ချက်အထဲတွင် လူနေအိမ်များ အပါဝင် ၎င်းတို့၏ ရုံးခန်းနှင့် ဆေးသိုလှောင်ရုံများအား မီးရှို့ဖျက်ဆီးသွားသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ဖော်ပြထားခြင်း မရှိပါသဖြင့် မူရင်းအတိုင်းဘာသာပြန်ပြီး တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။)  

ဆက်စပ် သတင်းများ