အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်လွတ်မြောက်ရေးတပ်မတော်က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 504

လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၁၈ / ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီလ (၁၈) ရက် နေ့တွင် သတင်းထုတ်ပြန်သည်။

မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်နေ့တွင် KNLA က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDOနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်များအနေဖြင့် မြဝတီမြို့အား ပြန်လည်ရရှိရန် အောင်ဇေယျအမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အား ဖော်ဆောင်ခဲ့သည်။ 

 ထိုသို့ ထိုးစစ်ဆင်လာသော  အကြမ်းဖက် စစ်ကောင်စီတပ်များအား ၎င်းတို့လာရာ လမ်းတစ်လျှောက်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက  အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကား အချို့အား ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင် တစ်ရာကျော်မှာလည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများရှိသောကြောင့် ရှေ့သို့ဆက်မတိုးနိုင်ဘဲ ဒေါန တောင်တန်း အနောက်ဖက် တောင်ခြေတွင်သာ ရပ်တန့် နေကြောင်းသိရသည်။

 

ထိုးစစ်ဆင်လာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့ လာရာလမ်း တစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ နေရာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့အား လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုပိုင်ဆိုင်သော ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ကြထားသည်။

 

ဓါတ်ပုံ − KNU

ဆက်စပ် သတင်းများ