သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မြဝတီအမှတ် (၂) တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၊ ဒေသခံနှစ်ရာကျော် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 258

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၀ / ၂၀၂၄

မြဝတီအမှတ် (၂) တံတားအနီးတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ သောကြောင့် ဒေသခံ နှစ်ရာကျော်  ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ မြေပြင်စစ်ရေး သတင်းအရင်းအမြစ်က နိရဉ္စရာ သို့ပြောသည်။

ယနေ့ ဧပြီ ၂၀ ရက်နေ့ မွန်းလွဲ၂နာရီအချိန် အထိ မြဝတီအမှတ် (၂) အနီးတွင် စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေယာဉ်ဖြင့် ဗုံးကြဲနေဆဲဖြစ်ကြောင်း မြေပြင် စစ်ရေးသတင်း အရင်းအမြစ်က နိရဉ္စရာ ကိုအတည်ပြုသည်။

“ ဘယ်ကသိမ်းပိုက်နိုင်ဦးမှာလဲ၊ ဂျက်ဖိုက်တာနဲ့ဟတ်စကီးနဲ့ ၊ ဟတ်စကီးက ငါးကြောင်းလာပြီး ၃ ကြိမ်လောက်ဗုံးကြဲတယ်၊ ဂျက်ဖိုက်တာ ဆိုရင်လာပြီးကြဲတာအသံတောင် မကြားလိုက်ရဘူး၊ ပြီးရင် အောက်ရောက်မှ ပေါက်ကွဲတာတွေတယ်၊တိုက်ပွဲက မတရား ကိုပြင်းထန်နေတယ်၊ စစ်ကောင်စီဖက်က စစ်ကူတွေရောက်နေတယ်လို့ ”ဟု စစ်ရေးသတင်း အရင်းအမြစ်ကပြောသည်။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး နှင့် ရေပူကုန်းရပ် ကွက်တဝိုက်တွင် နံနက်မှစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ Y12 အမျိုးအစား လေယာဉ်တစ်စင်း ဝဲပျံလျက်ရှိပြီး ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေသဖြင့် မြန်မာဘက်မှဒေသခံ(၂၀၀)ကျော် ထိုင်းဘက်သို့ထွက်ပြေး စစ်ရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒုက္ခသည်များအား မဲဆောက်ဘက် ဝမ်တာကန်တွင် စခန်း နှစ်ခု ဖွင့်လှစ်ပေးထား ပြီး ထိုင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လိုအပ်သော အကူအညီများ ပေးနေကြောင်းသိရသည်။

“ ပြေးလာတဲ့သူတွေကို ထိုင်းကလက်တော့လက်ခံတယ်၊စားရေးသောက်ရေး မစီစဉ်ရသေး အခုက စာရင်းကောက်တုန်းပဲရှိသေးတယ်၊”ဟု မြေပြင်သတင်းအရင်းအမြစ်ကပြောသည်

စစ်ကောင်စီ၏ မြဝတီမြို့စောင့်ခြေလျင်တပ်ရင်း ခလရ-၂၇၅ အကြွင်းအကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချရန်ငြင်းဆန်နေသဖြင့် ယမန်နေ့‌ညပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က ဒရုန်းဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းအကူအညီပေး လာခြင်းဖြစ်ကြောင်း သိရသည်။

အင်အား(၅၀၀)ခန့်ပါဝင်သော အဆိုပါစစ်ကောင်စီတပ်များ မြဝတီမြို့သို့ စစ်ကူမရောက်ရှိနိုင်ရေး ပူးပေါင်းတပ်များက အပြင်းအထန် ကြားဖြတ်တိုက်ခိုက်‌မှုများ လုပ်ဆောင်လျက်ရှိရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကျအဆုံးရှိသောကြောင့် လေယာဉ်ဖြင့် စစ်ကူပေးနေခြင်း ဖြစ်ကြောင်း လည်းသိရသည်။

ထိုင်း-မြန်မာနယ်စပ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအနီးတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်အခြမ်းက ပိတ်ထားပြီး ထိုင်းစစ်တပ်ကလည်း စစ်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း ထိုင်သတင်းဌာနများက သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- The Reporter

ဆက်စပ် သတင်းများ