တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်ကောင်စီ​​၏ သပ်လျှိုသွေးခွဲမှု ထောင်ချောက်ထဲ မဝင်အောင် အစွမ်းကုန်ကြိုးစားပြီးမြဝတီသို့ စစ်ကူလာသော စစ်ကောင်စီတပ်အား ပြတ်ပြတ်သားသား ရိုက်ချိုးသွားမည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတာနီး ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 615

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၄ / ၂၀၂၄

ကရင်ပြည်နယ်၊မြဝတီမြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၇၅ ကိုလက်လွတ်လိုက်ရသော်လည်း စစ်ကောင်စီ၏ မြဝတီသို့လာရောက်မည့် စစ်ကူများအား ပြတ်ပြတ်သားသားတိုက်ခိုက်မည်ဖြစ်ပြီး တဆင့်ပြီးတစ်ဆင့်ဆက်တိုက်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး  KNU ၏ ဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကိုတော့ ဆက်လက်လုပ်သွားမယ်၊ရှုပ်ထွေး နေတဲ့အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ မလိုချင်တာ အမှန်ပဲ။ ဒါပေမယ့်လက်ငင်း အားဖြင့်တော့ မြဝတီမြို့က ယာယီဆုတ်ခွာရတဲ့အနေ အထားရှိတယ်။ဘာဖြစ်လို့လည်းဆိုတော့ လုပ်ရပ်တိုင်းလုပ်ရပ်တိုင်းမှာ စစ်ကောင်စီက ကျွန်တော်တို့ကို သပ်လျှို ထိုးခွဲပြီးတော့ ကိုယ့်အချင်းချင်းလည်း ပြဿနာတွေ ရှုပ်ထွေးအောင် ကိုယ့်ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးကို မလုပ်နိုင်အောင် အမြဲတမ်းကြိုးစားနေတဲ့အပေါ်မှာ ကျွန်တော်တို့ အဲ့ဒီထောင်ချောက်ထဲ မဝင်မိဖို့က ကျွန်တော်တို့ အစွမ်း ကုန်ကြိုး စားရှုန်းထွက်တယ်။ အဲ့ကြောင့်မို့လို့ကျွန်တော်တို့ လောလောဆယ်ဘာလုပ်နိုင်လဲ ဆိုတော့ ဒီစစ်တပ် စစ်ကူလာတဲ့အပိုင်းကိုတော့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ရိုက်ချိုးပစ်မယ်၊အဲ့ဒါသေချာတယ် အဲ့ဒါပြီးမှပဲကျွန်တော်တို့ တဆင့်ပြီးတဆင့်ဆက်သွား လို့ရမယ်” ဟု ပဒိုစောတောနီးက ပြောသည်။

လက်ရှိမြဝတီ မြို့၏ အခြေအနေသည် မှန်းဆရ ခက်နေပြီး KNU တွင် ရှင်းလင်း ပြတ်သားသည့် မူဝါဒရှိသောကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန် တိုက်သွားမည်ဖြစ်ကာ ရှေ့ဆက်ရမည့် ခရီး အဝေးကြီး ရှိသေးကြောင်း ပဒိုစောတောနီးက ပြောသည်။

“ စစ်ကောင်စီရဲ့ မြဝတီမြို့က နေရာတော်တော်များများကိုသိမ်းပိုက်လိုက်ပြီးနောက်ပိုင်းမှာ အဲ့ဒီတုန်းကတော့ အကြွင်းအကျန် ခလရ ၂၇၅ က တံတားအောက်မှာသွား ခိုတာလောက်ပဲကျန်တော့ တာကိုး။ အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ အတွက်တော့ ဆက်ပြီးတော့ တိုက်ရမယ်ဆိုတော့ သိပ်ပြီးတော့ပြဿနာမရှိဘူးလေ။ ၃၅၅၊၃၅၆၊၃၅၇ ဗျူဟာတွေ ၂၇၅ တွေအကုန်လုံး လန်ထွက်သွားအောင် အကုန်လုံးကျွန်တော်တို့မောင်းထုတ်နိုင်ပြီလေ၊အဲ့ဒီ ကျန်တဲ့ဟာလေးကိုတော့ ကျွန်တော်တို့ အတွက်ဘာမှမဟုတ်တော့ဘူးလေ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ အခြေအနေကတစ်မျိုးတစ်ဖုံ ဖြစ်သွားတဲ့ဟာတော့ ပြောလို့ရတယ်။ ဘာဖြစ်လို့လည်းဆို ကျွန်တော်တို့အကြွင်းအကျန်တွေကို ကျွန်တော်တို့ရှင်းသွားမယ် လုံခြုံရေးအရ ကျွန်တော်တို့ လူထုတွေအတွက် လုံခြုံမှုတွေ လုံခြုံရေးတွေ ပေးနိုင်တဲ့အချိန်ကျရင်တော့ကျွန်တော်တို့ KNU အုပ်ချုပ်ရေးကိုပြန်ပြီးတော့ချမယ်ဆိုတာတော့ ကျွန်တော်တို့ကြေငြာချက်ထဲမှာပါပြီးသားပါ။အဲ့လို ကျွန်တော်တို့ ထုတ်ပြန်ကြေငြာထားတဲ့အတိုင်းမဟုတ်ပဲ BGF က စစ်ကောင်စီကို ခေါ်လာပြီးတော့ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့၂၇၅ မှာကျွန်တော်တို့ လွှင့်ထူထားတဲ့ ကရင်အမျိုးသား အလံကိုဖြုတ်ချပြီးတော့ စစ်ကောင်စီအလံကို တင်ပေးလိုက်တာလေ။ အဲ့ဒါကနေဖြစ်သွားတယ်ဆိုတာ ဒါကတော့တကမ္ဘာလုံးကို အသိပေးလိုက်တာလေ။ ဒါကလဲဘာမှ ဖုံးကွယ်ပြောနေစရာဘာမှလိုဘူး။ အခြေအနေက အဲ့လိုဖြစ်သွားတယ်။”ဟု ပဒိုစောတောနီးကပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLAနှင့်  ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းသိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ၁၃ ရက်အကြာတွင် စစ်ကောင်စီတပ်များကကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF နှင့် ပူးပေါင်းပြီး ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ခလရ ၂၇၅ အား KNLA/PDF သိမ်းပိုက်ချိန်တွင် ထိုင်း - မြန်မာ အမှတ် ၂ တံတားအောက်သို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ ၂၇၅ ကို ပြန်ရောက်သွားကြခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဧပြီလ ၂၀ ရက်နေ့က အမှတ် (၂) မြဝတီချစ်ကြည်ရေးတံတားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လက်ရှိအချိန်အထိ မြဝတီမြို့အတွင်းရပ်ကွက်နှင့် ကျေးရွာများမှ စစ်ဘေးရှောင်နေရသူ လေးထောင်ခန့် ဆက်ရှိနေသေးပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက် အိမ်မပြန်နိုင်သေးကြောင်းသိရသည်။

မြဝတီမြို့ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ၊‌ ဝေါလေမြိုင်၊ ဒေသကျေးနယ်အတွင်းတွင် စစ်ကောင်စီတပ်ကလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းနှင့်ဗုံးကြဲခြင်းများကြောင့် ကြောင့် နေအိမ်မီးလောင်ပျက်စီးမှုနှင့်အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများ ထံမှသိရသည်။

ဓာတ်ပုံ-KNU


ဆက်စပ် သတင်းများ