ခိုင်လူလှ (ရိုးမမြေ)/ နိရဉ္စရာ၊ဧပြီ ၂၉/၂၀၂၄
အာရက္ခတပ်တော် (AA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့(PIO) /ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIA)မှ ရဲဘော်နှစ်ဦးသည်အမ်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည်ဟု အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိ၇သည်။
ကျဆုံးခဲ့ရသူ နှစ်ဦးမှာ ရဲဘော် သွင်ထူးအောင် (ခ) ဘိုင်အိုနှင့် ရဲဘော် ပါကညော(ခ) စောအောင်စိုးလင်းတို့ဖြစ်ကြသည်။
၎င်းရဲဘော်နှစ်ဦးအနက် ရဲဘော် သွင်ထူးအောင် (ခ) ဘိုင်အိုသည် ဧပြီလ(၂၅) ရက်နေ့ကလည်းကောင်း၊ ပါကညော(ခ) စောအောင်စိုးလင်းသည်ဧပြီလ (၁၀) ရက်နေ့ကလည်းကောင်း လူမျိုးပေါင်းစုံ ပြည်သူလူထုဘ၀ လွတ်မြောက်ရေးအတွက် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့၇သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲဘော်များသည်အာရက္ခတပ်တော် - AA နှင့်အတူစစ်အာဏာရှင် လက်အောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက်ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအပါအဝင် အခြားသော ဒေသများတွင်လည်း တိုက်ပွဲဝင်နေကြောင်း သိရှိ၇သည်။
ယခုကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးသည် ရခိုင်ပြည် အမ်းစစ်ဆင်ရေးအတွင်း အာရက္ခတပ်တော်နှင့်အတူတိုက်ပွဲရင်း ကျဆုံးခဲ့ကြရသည့် ရဲဘော်နှစ်ဦးဖြစ်သည်။
အာရက္ခတပ်တော်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာအမ်းမြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းများ၊ ဗျူဟာကုန်းများကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်လျှက်ရှိနေသည်။
အမ်းမြို့နယ်မှ အဓိက ဗျူဟာကုန်တစ်ခုဖြစ်သည် တောဟိန်းတောင်ဗျူဟာကုန်းကိုလည်း စစ်ကောင်စီက လေကြောင်းမှ အင်အားသုံးခုခံကာကွယ်နေသည့်ကြားမှ အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က သိမ်းပိုက်လိုက်ပြီဖြစ်သည်။
(ဓာတ်ပုံ- Win Zaw= We love Rakhine)