သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

သုံးနှစ်အတွင်း တစ်နိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းနှင့် နယ်စပ် (၅)မြို့ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု NUG ထုတ်ပြန်



အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် နယ်စပ် ကုန်သွယ်ရေးမြို့ (၅) မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထား နိုင်ပြီဖြစ်ပြီး အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစ လက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဧပြီ ၃၀ ရက်နေ့ထုတ်ပြန်သည့် ၃ နှစ်ပြည့် ကြေညာချက်တွင်ဖော်ပြထားသည်။

 စစ်ရေးကဏ္ဍတွင် ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့တွင် အနာဂတ်ဖက်ဒရယ်တပ်မတော်၏ အမြုတေအဖြစ် စတင်တည်ထောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် (၃) နှစ်တာကာလအတွင်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင့်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိကာလတွင် မဟာဗျူဟာမြောက် ထိုးစစ်များကို စတင်ဖော်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 စစ်ရေးမဟာဗျူဟာများကို ပူးပေါင်းခင်းကျင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစု များနှင့်  ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၊ (J2C) စသည့် ကော်မတီများဖွဲ့စည်းကာ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 အမျိုးသားညီညွတ်ရေးအစိုးရသည် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ပြည်ထောင်စုမျှော်ရည် ချက်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရတရပ်အနေဖြင့် တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းကာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်းသိရသည်။ 

ဆက်စပ် သတင်းများ