စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် မေ ၁၈ ရက်၌ဖြစ်ပေါ်မည့် လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့် ဖြစ်လာနိုင်ဟု မိုး/ဇလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

မောင်စာဂ/ နိရဥ္စရာ၊ မေ ၁၂/ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်မေလ ၁၈ ရက်၌ဖြစ်ပေါ်လာမည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် "ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်ဖြစ်ပေါ်ရာမှ ၁၈-၅-၂၀၂၄ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းရပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်"ဟု ဖော်ပြထားသည်။

သို့သော် မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကမူ မေလ ၈ ရက်မှ မေလ ၂၇ ရက်အထိ ကြိုတင်ခန့်မှန်းချက် အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်နိုင်သည့်အခြေအနေကလွဲလျင် မုန်တိုင်း၊ ဆိုင်ကလုန်း မုန်တိုင်းဖြစ်နိုင်သည့် အခြေအနေ မတွေ့ရဟု သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။


ဘင်္ဂလားပင်လယ်အော်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် နှစ်စဉ် မေလအတွင်း လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

ယင်းသို့ဖြစ်ပေါ်လာပါက ရခိုင်ကမ်းရိုးတန်းဒေသသည် မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံရမြဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်ကလည်း ဘင်္ဂလားပင်လယ်အော်အတွင်း ဖျက်အားပြင်း "မိုခါ"မုန်တိုင်းဖြစ်ပေါ်ခဲ့သေးသည်။

ယင်းမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းဒေသရှိ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်စသည့်မြို့နယ်များတွင် မြို့နယ်တစ်ခုလုံး၏ ၉၀ ရာနှုန်းခန့်အထိ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ် ခဲ့ရသည်။

ဆက်စပ် သတင်းများ