စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၅၀ ရာနှုန်းရှိလာဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်ခန့်မှန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မေ ၁၄/၂၀၂၄

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ဩရိဿပြည်နယ်ကမ်းခြေအနီးတွင် မေလ ၂၆ ရက်နေ့၌ ဆိုင်ကလုန်း မုန်တိုင်းဖြစ်နိုင်ချေ ၅၀ ရာနှုန်းရှိလာကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မေလ ၁၄ ရက် ညနေ ၃ နာရီခွဲတွင် ခန့်မှန်းထားသည်။

"ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်း-ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေသည် ၅၀ ရာနှုန်းအထိ သေချာမှုရှိလာပြီး မုန်တိုင်းဖြစ်လာသည့်အခါ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည့် အခြေအနေ မတွေ့ရသော်လည်း မုန်တိုင်းညာဘက်ခြမ်းမှ မြန်မာနိုင်ငံဒေသများသို့ မုန်တိုင်းအရှိန်သက်ရောက်မှု ရှိလာနိုင်မည်" ဟု ဦးဝင်းနိုင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ လာမည့်မေလ ၂၂ ရက်နေ့တွင် လေဖိအား နည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ကာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားပြီး လာမည့်မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ကမ်းလွန်ပင်လယ်ပြင်၌ အားကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်း အဆင့် (လေတိုက်နှုန်း 40m/s = တနာရီ ၈၉.၅ မိုင်နှုန်း)ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါဆိုင်ကလုန်းမုန်းတိုင်းကြောင့် ပင်လယ်ပြင်မှ ရေလုပ်သားများအနေဖြင့် လာမည့် ၇ ရက် လွန်လျှင် ပင်လယ်ပြင်မှာ လှိုင်းလေကြမ်းတမ်းလာနိုင်သည့်အခြေအနေကြောင့် ဘေးလွတ်ရာသို့ စတင်ရှောင်ရှားနိုင်ရန် ကြိုတင်ပြင်ဆင်သင့်ပြီဖြစ်ကြောင်းလည်း ဦးဝင်းနိုင်က အသိပေး အကြံ ပြုထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်ဖြစ်ပေါ်ရာမှ ၁၈-၅-၂၀၂၄ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်ခြေ ရှိသည်ဟု ခန့်မှန်းထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ပြီးခဲ့သည့် မေလ ၁၂ ရက်တွင် မိုး/ဇလ သတင်းထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ - ဦးဝင်းနိုင်

ဆက်စပ် သတင်းများ