လူထက်နိုင် (ဒွါရာမြီ)
နိရဥ္စရာ ၊မေ ၁၇ /၂၀၂၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာနှင့် ရေသာရွာကို စစ်ကောင်စီလက်အောက်ခံ မြောက်ခင်ရန်းပျူစောထီးများ ဝင်ရောက်စီးနင်း၍ အသက်(၈၀)ကျော်အရွယ် အဘိုးအိုတစ်ဦးနှင့် အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးကို မေလ ၁၆ ရက်နေ့က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှသိ၇သည်။
"ရွှေဘိုရွာဘုန်းကြီးကျောင်းက ရဟန်းသံဃာ (ရ)ပါးကို ဖမ်းခေါ်ဆောင်သွားတာ ဒီနေ့မနက်ပြန်လွှတ်လိုက်တယ်။ ရွှေဘိုရွာကတော့ ခန့်မှန်းခြေ အိမ်ခြေ ၃၀၀ကျော်လောက် မီးလောင်သွားတယ်။ ရွှေဘိုရွာထဲကအသက် ၈၀ ကျော်အရွယ် အဘိုးအိုက မျက်စိလဲသိပ်မမြင်ဘူး။ နားလဲမကြားဘူး။ ဘယ်မှမသွားနိုင်လို့ အိမ်မှာကျန်ခဲ့တာ။ သူကိုသတ်သွားတာ။ ရွာထဲမှာလဲ မီးလောင်ကျွမ်းထားတဲ့ ၉နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ အလောင်းတစ်လောင်း တွေ့ထားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
မေလ ၁၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်း ကျေးရွာ ရှိ ပျူစောထီးများသည် ရေသာရွာနှင့် ရွှေဘိုရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် ရေသာရွာတွင် လူနေအိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ရွှေဘိုရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိသည့်အနက်ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိ၇သည်။
ရွှေဘိုရွာသည် မြောက်ခင်ရန်းရွာနှင့် အနီးဆုံးရွာတစ်ရွာဖြစ်ပြီး မြောင်ခင်ရန်းရွာ ပျူစောထီးများက ရွှေဘိုရွာကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ သုံးကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်းသိ၇သည်။
ဓာတ်ပုံ - CJ