ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

အိန္ဒိယက မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ နည်းပညာနှင့် လောင်စာဆီရောင်းချမှုအပါအဝင် စစ်သင်တန်းပေးမှုအားလုံးကို ချက်ချင်းပိတ်ပင်ရပ်ဆိုင်းရန် (JFM) က တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 9.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၈/၂၀၂၄

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar(JFM) က တောင်းဆိုလိုက်သည်။

အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု ရှိ ကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုအား ပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင်ရေး တိုက်တွန်းရာတွင် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်သည်ဟု JFM က မေလ ၁၆ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် မြန်မာစစ်အုပ်စုအဖွဲ့ဝင်များအား ကာကွယ်ရေးဆိုင်ရာအခမ်းအနားများ တက်ရောက်ရန် ဖိတ်ကြားခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက် ရှိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက် စစ်ဆေးခဲ့သည့် အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုတွင် “နိုင်ငံရပ်ခြားမိတ်ဆွေနိုင်ငံများ” မှ ဗိုလ်လောင်း ၂၁ ဦး အပါအဝင် ဗိုလ်လောင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ မကြားသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် အတည်ပြုထားသည်။

ယင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများလည်း အဆိုပါအခမ်းအနားတွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေတပ်ဆိုင်ရာစစ်ကောလိပ် Goa ၏ ကထမကပြုမှုဖြင့် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့သော Goa ရေကြောင်းဆိုင်ရာအထူးအစည်းအဝေး (GMC) တွင် မြန်မာရေတပ်ချုပ် ထပ်မံ ပါဝင်တက်ရောက်ခဲ့ သည်။

အိန္ဒိယနိုင်ငံ၏ “Aatma Nirbharta” လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် အိန္ဒိယပြည်တွင်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို မိတ်ဆက်ပြသရန် အဆိုပါအစည်းအဝေးအတွင်း “အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည်” ဆိုသည့် ပြပွဲတစ်ခုကို ပူးတွဲကျင်းပခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane သည် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး လာရောက်ခဲ့ပြီး၊ အာဏာသိမ်းခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ကာကွယ်ရေးဝန်ကြီးသည် အနောက်နိုင်ငံများမှ ဒဏ်ခတ်ပိတ်ဆို့ထားသော ကာကွယ်ရေးဝန်ကြီး မြထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့ရေတပ် ခေါင်းဆောင် မိုးအောင်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နှင့်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

ယင်းက စစ်အုပ်စုနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံရာပါပတ်သက်မှုကို ညွှန်ပြနေသည်။

ယင်းသို့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် ရိုဟင်ဂျာများအပေါ် စစ်အုပ်စု၏ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” လုပ်ဆောင်နေစဉ်နှင့် လုပ်ဆောင်အပြီးနှစ်များအတွင်း ပေးအပ်ခဲ့သည့် အိန္ဒိယ၏ ပံ့ပိုးမှုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဥပမာများအနေဖြင့်- ၂၀၂၀ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာလေတပ်တို့အကြား စားပွဲဝိုင်း စာတွေ့ လေ့ကျင့်မှု တစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ Prayagraj တွင် ပြုလုပ်ခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အကောင့်တွင် ဖော်ပြချက်အရ သင်္ဘောကျင်းစီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် အင်ဂျင်းနီယာရင်းကိစ္စရပ်များတွင် မြန်မာစစ်သား ၆၀ အား သုံးလကြာ လေ့ကျင့် သင်ကြားပေးရန်အတွက် အရာရှိခုနစ်ဦးနှင့် သင်္ဘောသားနှစ်ဦးပါဝင်သော ရွေ့လျား လေ့ကျင့်ရေး အဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တာဝန်ပေးစေလွှတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု (IMBAX) များကို ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့သည်။ INS Satavahana သည် မြန်မာ့ရေတပ်စစ်သည်များအတွက် အခြေခံရေငုပ်သင်္ဘော သင်တန်းကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် မပြင်းထန်သော တန်ပြန်ထိုးစစ်များနှင့် ပတ်သက်၍ မြန်မာ စစ်အုပ်စု စစ်သည် ၃၅ ဦးအတွက် သီးသန့် ပြင်ဆင်ထားသော လေးပတ်ကြာသင်တန်းတစ်ခုကို Vairengte ရှိ Counter Insurgency and Jungle Warfare (CIJW) School တွင် လက်ခံလေ့ကျင့် သင်ကြားပေးခဲ့သည် ဟု Justice For Myanmar က ဆိုသည်။ Source/Justice For Myanmar

ဆက်စပ် သတင်းများ