တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

ကံမမြို့တွင် ရခိုင်လူမျိုးများလိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ၈ ရက်ကြာသည်အထိ အဆက်အသွယ်မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၂၂ /၂၀၂၄

မကွေးတိုင်း၊ ကံမမြို့တွင် ရခိုင်လူမျိုးများလိုက်ပါလာသည့် လိုင်းကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ၈ ရက်ကြာသည်အထိ အဆက်အသွယ်မရဖြစ်နေကြောင်း ဒေသခံများက နိရဥ္စရာ သို့ပြောသည်။

မေလ ၁၅ ရက်နေ့က မကွေးမြို့၊ မင်းတုန်း -ပြည်လမ်းပေါ်ရှိ ကံမမြို့တွင် ကားတစ်စီးအား ရခိုင်လူမျိုး များလိုက်ပါလာသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ပြီး မေလ ၂၂ ရက်နေ့အထိ အဆက်အသွယ်မရဖြစ်နေကြောင်း ဒေသခံများကဆိုသည်။

“ဖမ်းသွားတာဟုတ်တယ်။ ကားရော ဒရိုက်ဘာတွေရော၊ စီးတဲ့ရခိုင်တွေရော၊ သတင်းအဆက် အသွယ်မရဘူးဆိုတာပြောနိုင်တယ်။ မင်းတုန်းကားလိုင်းက ဖုန်းဆက်တယ်။ကားသမားတွေ အဖမ်းခံရတယ်။ ဘာဖြစ်လို့အဖမ်းခံရလည်းဆိုရင် ရခိုင်တွေပါလို့ ဖမ်းတာ။ ကားသမားတွေက ကားလိုင်းထဲက ကလေးတွေဆိုတော့ လိုက်ရှာမယ်ဆိုပြီး ပိုက်ဆံပေးလို့ ရရင်လည်းပေးမယ် ။ပြန်ထုတ်လို့ရရင်လည်း ထုတ်မယ်ဆိုပြီးတော့ ပြောတယ်၊အဆက်အသွယ်မရဘူး”ဟု ကံမမြို့ဒေသခံတစ်ဦးကပြောသည်။

ကံမမြိုနှင့် ပြည်မြို့ကြား ဒါန်းကိုင်းဂိတ် တွင် မင်းတုန်းဖက်မှ မောင်းလာသော အဆိုပါကားအား ဖမ်းဆီးခြင်းဖြစ်ပြီး ကားဒရိုက်ဘာများနှင့် ရခိုင်လူမျိုး စုစုပေါင်း ၁၀ ဦးခန့်ဖမ်းဆီးခံရခြင်းဖြစ်ကာ ဖမ်းဆီးခံရသောရခိုင်လူမျိုးများ နှင့်ပတ်သက်၍ မည်သူမှစုံစမ်းမေးမြန်းခြင်းမရှိသကဲ့သို့ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုလည်းမသိရကြောင်း မင်းတုန်း ကားလိုင်းမှ ကားသမားတစ်ဦးက ပြောသည်။

“ ရခိုင်နဲ့ ကံမမြို့က ဆက်စပ်မှုတွေရှိတယ်။ရခိုင်တွေလည်းဒီဖက်မှာရှိတယ်၊ ကံမက တချို့ဒေသခံတွေဆိုရင်ရခိုင်လားလို့မေးခံရတာရှိတယ်၊စစ်တပ်က ရခိုင်လူမျိူးနဲ့ပတ်သက်ပြီး နိုးဆော်ထားတာမရှိပေမယ့် စောင့်ကြည့်နေတာ တစ်နှစ်လောက်ရှိပြီ။ ကံမ-ပြည်-တောင်ကုတ်က တဆက်တည်းသွား လို့ရတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

ကံမမြို့သည် မကွေးတိုင်းတောင်ဖက်စွန်းမြို့ဖြစ်ပြီး ရခိုင်နှင့်နီးစပ်သည့်မြို့ဖြစ်ကာ ရခိုင်မှကုန်စည်တင်ပို့မှုနှင့် ရခိုင်ဘက်မှ ကံမမြို့ သို့ လူအသွားအလာများအား စစ်ကောင်စီမှ စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ယခင်ကလည်း ကံမမြို့တွင် ရခိုင်လူမျိုးများကို ပစ်မှတ်ထား ဖမ်းဆီးသည့်ဖြစ်စဉ်များရှိခဲ့ပြီး အဖမ်းခံရသူများအား ကံမ ထွေအုပ်ရုံးနှင့်ရဲအချုပ်တွင်ထိန်းသိမ်းထားခြင်းများရှိခဲ့သော်လည်းလလက်ရှိ ဖမ်းဆီးမှုအား အဆက်အသွယ်ပြတ်တောက်နေသောကြောင့် စိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ် သတင်းများ