(ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့်အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း IIMM နှင့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်တပ်အား တိုက်တွန်း)
ဂျွန်နသန်၊ နိရဉ္စရာ၊ မေ၂၈/၂၀၂၄
IIMM ကတောင်းခံထားသည့်သတင်းအချက်အလက်များဖြစ်သည့် မြောက်ခင်ရန်းကျေးရွာလူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မျှဝေပေးရန် မြန်မာစစ်တပ်အား(IIMM)၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် က မေလ ၂၇ ရက်က တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်မေလ ၂၇ ရက်ကကြေညာချက် ထုတ်ပြန်ခဲ့ကာ IIMM ကတောင်းခံထားသည့် သတင်း အချက်အလက် များကို ပြန်လည်တုံ့ပြန်ရန် မြန်မာစစ်တပ်အား အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ကျွနု်ပ်တို့ စုံစမ်း စစ်ဆေးနေသော ကြီးလေးသည့် ရာဇဝတ်မှုမြောက်များစွာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေပေးရန် မြန်မာစစ်တပ်ထံ အကြိမ်ကြိမ် တောင်းခံခဲ့သည်။
ယင်းတို့အနက် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့်လက်နက်ကိုင်တပ်ဖွဲ့များက ကျူးလွန်ခဲ့သည်ဟု ယူဆရသော ရာဇဝတ်မှုများပါဝင်သည်။သို့သော်လည်း မြန်မာစစ်တပ်သည် ယနေ့အထိ ဤတောင်းခံမှုများကို တစုံတရာတုံ့ပြန်ခြင်းမရှိပါ။
မေလ၂၇ ရက် တွင် ယန္တရားသည် တောင်းခံမှု အသစ်တစ်ခုပေးပို့ခဲ့ပြီး ဤကြေညာချက်ကို ထုတ်ပြန်ခြင်းဖြင့် မြန်မာစစ်တပ်ထံမှ တုံ့ပြန်မှုရရှိရန် မျှော်လင့်သည် ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မေလ၂၇ ရက်ကပေးပို့လိုက်သော တောင်းခံမှုတွင် မကွေးတိုင်းဒေသကြီး၊ မြောက်ခင်ရန်းကျေးရွာ၌လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များမျှဝေပေးရန်တောင်းဆိုထားသည်။
အင်တာနက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့်ဗီဒီယိုအရလက်နက်ကိုင်ထားသူများသည် လူနှစ်ယောက်ကိုကြိုးတုပ်၍ သစ်ပင်ပေါ်မှ တွဲလောင်းချပြီးအောက်ခြေမှမီးဖိုကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။
အဆိုပါ လူငယ်နှစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်သည်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်း၌ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ဖိုးတေနှင့်သားထောင်ဟု မီဒီယာများက အမည်ဖော်ပြထားသည့် ထိုလူငယ်နှစ်ဦးမှာ အသက်နှစ်ဆယ်ကျော်အရွယ်များဖြစ်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဟုဖော်ပြကြသည်။
IIMM ယန္တရားသည် အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများအပါအဝင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာစိစစ်သုံးသပ်နေသည်။
စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့်တပ်မှူးများအကြောင်း အချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနှင့်ဆက်ဆံပုံ အခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့်သတ်ဖြတ်မှု ကျူးလွန်သူများနှင့် ပတ်သက်သော အချက်အလက်များပေးရန် မြန်မာ စစ်တပ်ထံတောင်းဆိုသည်ဟု ကြေညာချက် တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့်သတင်းအချက်အလက်များမျှဝေရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့်အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့်အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်တပ်အား ကျွနု်ပ်အနေဖြင့် တိုက်တွန်းသည်။ ယန္တရားသည်စုဆောင်းရရှိသော အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီးအကြီးလေးဆုံးနိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်သည့် တာဝန်ရှိသူများအပေါ် အမှု တည်ဆောက်ရာတွင်အသုံးပြုမည်ဖြစ်သည်။
အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်း ကျူးလွန်သူများအပါအဝင် ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည့်သံသရာကိုချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုရရှိလာစေရေးသည်ကျွနု်ပ်တို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဟုဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်းမြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသောနိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့်စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။
နိုင်ငံတွင်း၊ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင်အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာအမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည် ဟု IIMM ၏ ကျေညာချက်တွင်ဖော်ပြထားသည်။ Source/IIMM