ကြာသပတေး၊ ဇူလိုင်လ ၄ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ၏ အခြေအနေသည် ထိန်းမနိုင်သိမ်းမရအောင် ဆက်လက် ဖြစ်ပေါ်နေကြာင်း ကန်သံအမတ်က လုံခြုံရေးကောင်စီတွင်ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.4k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၃၀/ ၂၀၂၄

မြန်မာနိုင်ငံ၏ အခြေအနေသည် ထိန်းမနိုင်သိမ်းမရအောင် ဆက်လက် ဖြစ်ပေါ်နေကြောင်း၊ စစ်အစိုးရ၏ လက်ရှိဖြစ်ပေါ်နေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကြောင်းနှင့်စစ်တပ်၏ လေယာဉ်ဆီသုံးစွဲခွင့်ကို ကန့်သတ်ရန် လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုကြောင်းကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး က လုံခြုံရေးကောင်စီ တွင် ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်တွင် ပိုမိုဆိုးရွားလာနေသည့် အခြေအနေများကို လည်းစောင့်ကြည့်နေကြောင်း ယခုနှစ်ငါးလအတွင်း မြန်မာစစ်အစိုးရသည် နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု (၁၀၀၀)နီးပါး ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ တိုက်ခိုက်မှု ခြောက်ကြိမ်ထိရှိကြောင်း ၊ လေကြောင်းတိုက်ခိုက်မှု ငါးခုအနက် တစ်ခုမှာ ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားပြီး သုံးပုံတစ်ပုံမှာ အရပ်သားများကို ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မေလ(၂၉)ရက်ကပြုလုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင် မဟုတ်သူများ ဆွေးနွေးကြသည့် Arria-formula အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas Greenfield က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရသည် ယခုနှစ်အစပိုင်းမှစပြီး နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀၀၀ နီးပါး ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ တိုက်ခိုက်မှု ခြောက်ကြိမ်ရှိခဲ့သည်။

၂၀၂၄ ခုနှစ် ငါးလအတွင်း မြန်မာ စစ်အစိုးရသည် ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ် နှစ်ခုပေါင်းထက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများသည် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ပျက်စီးစေခဲ့ပြီး အိမ်များနှင့် ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် ဝတ်ပြုရာနေရာများကို ဖျက်ဆီးခဲ့သည်။

"ရွာများကိုမီးရှို့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းနဲ့ အခြား ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ အပါအဝင် အခုလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ကျွန်မတို့ ရှုတ်ချပါတယ်။ ကျွန်မတို့အားလုံးက အခုလို မတွေးဝံ့စရာကောင်းတဲ့ ကြောက်မက်ဖွယ်ရာလုပ်ရပ်တွေကို အများ သိအောင်ထုတ်ဖော် ပြောဆိုကြရမှာဖြစ်ပါတယ် " ဟု အမေရိကန်သံအမတ်ကြီးက ပြောဆိုသည်။

"ဒါပေမယ့် ကျွန်မတို့ရဲ့ အသံကို ထုတ်ဖော်တာထက်၊ ကျွန်မတို့ ကအကောင်အထည်ဖော် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အာဆီယံဟာ ကုလသမဂ္ဂရဲ့ ပံ့ပိုးကူညီမှု ပိုမိုရရှိရရှိဖို့ အကြိမ်ကြိမ် တောင်းဆိုနေ ခဲ့ပါတယ်။ စစ်အစိုးရထံ လက်နက်စီးဆင်းမှုကို ကန့်သတ်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံက တောင်းဆိုခဲ့ပါတယ်။လေယာဉ်ဆီ စီးဆင်းမှုကို ကန့်သတ်ရန် သဘောတူညီချက် တစ်ရပ်ကိုလူ့အခွင့်ရေးကောင်စီက အတည်ပြုခဲ့ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဆီ သုံးစွဲခွင့်ကို ကန့်သတ်ဖို့ လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုပါတယ်" ဟု အမေရိကန်သံအမတ်ကြီးက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံအတွက် ပိုမိုငြိမ်းချမ်းပြီး ဒီမိုက ရေစီနည်းကျသည့် အနာဂတ်ကို ဦးဆောင်နေကြသူများ အထူးသဖြင့် လူငယ်ခေါင်းဆောင်များနှင့် ဒီမိုကရေစီလိုလားသည့်အုပ်စုများကို ဦးဆောင်နေကြ သူများကို အပြည့်အ၀ ထောက်ခံပါကြောင်း (လုံခြုံရေးကောင်စီ) ဆုံးဖြတ်ချက် ၂၆၆၉ အရ မြန်မာနိုင်ငံကို ကိုယ်စားပြုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက အားပေး ထောက်ခံပါကြောင်း အမေရိကန် သံအမတ်ကြီး Linda Thomas Greenfield က ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ