နိရဉ္စရာ၊ ဇွန် ၁/၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် နိုင်ငံတကာအကြမ်းဖက်သမားများ၏ အချက်အချာ နေရာများဖြစ်လာရန် အရိပ်အယောင်တချို့တွေ့ရဟု ဘင်္ဂလာပြည်ထဲရေး ဝန်ကြီး AsaduzzamanKhan ပြောကြောင်း Bdnews24တွင် သတင်းဖော်ပြသည်။
လွန်ခဲ့သည့် သောကြာနေ့ကကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည်စခန်းသို့သွားရောက် လည်ပတ်စဉ်အတွင်းဝန်ကြီး၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
“နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့အချက်အချာနေရာကို ဒီမှာ ဖန်တီးလာနိုင်တယ်။လက်နက်များဝင်ရောက်လာနိုင်တယ်။ အရာများစွာ ဒီမှာ ဖြစ်ပေါ်လာနိုင်တယ်။ ပြီးတော့ ဒီလို ဖြစ်လာမယ့် အရိပ်အယောင် တချို့ကိုတွေ့နိုင်တယ်" ဟု ပြောသည်။
ဝန်ကြီးသည်သောကြာနေ့ နံနက် ၁၁ နာရီတွင် အိုးကီးယားရှိ ဒုက္ခသည်စခန်းရှိ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရုံးသို့သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် နေ့လယ် ၁၂ နာရီခွဲထိ တွေ့ဆုံခဲ့ပြီး နောက်အခြေအနေများကို မီဒီယာများကို ရှင်းပြပြောဆိုခဲ့သည်။
၎င်းပြင် ဒုက္ခသည်များကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်ရင်ဘင်္ဂလာဒေ့ရှ်တွင် မငြိမ်မသက်ဖြစ်နိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောကြားသည်။
“မြန်မာနိုင်ငံက နှင်ထုတ်ခံရတဲ့ရိုဟင်ဂျာတွေရဲ့ အနာဂတ်က မသေချာဘူး။ သူတို့ ဇာတိ မြန်မာနိုင်ငံကို မကြာခင်ပြန်မပို့နိုင်ရင်ဒီမှာ မငြိမ်မသက် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
“ ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် အများအပြား လက်မှတ် ရေးထိုး ထားပေမယ့်မြန်မာနိုင်ငံအခြေအနေကြောင့် ရပ်ဆိုင်းခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ လူဦးရေ များပြားလာမှုနဲ့ပတ်သက်လို့စိုးရိမ်မှုတွေ ရှိလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်”ဟု ပြည်ထဲရေးဝန်ကြီး ပြောဆိုသည်။
“မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲဝင်နေတဲ့သူတချို့ကို ဒီမှာ ဒုက္ခသည် စခန်းတွေမှာ တွေ့နိုင်တယ်။အကြောက်ဆုံးကတော့ ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေးဝါး မထုတ်လုပ်နိုင်ပေမယ့်မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ ဝင်လာနေတာ ကြာပါပြီ။”
“အခုစခန်းကလူတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတယ်။၎င်းတို့ကိုဖော်ထုတ်ရန် ကျွနု်ပ်တို့ ကြိုးစားနေပါသည်။တစ်ချိန်တည်းမှာပဲလက်နက်တွေနဲ့ သတ်ဖြတ်မှုတွေမှာ ပါဝင်သူတွေကို ရှာဖွေဖို့ ကြိုးပမ်းမှုတွေလုပ်ဆောင်နေပါတယ်။”
“ အဓိကတာဝန်ကကျူးလွန်သူတွေကို ဖော်ထုတ်ပြီး တရားမျှတမှု ပေးဖို့ဖြစ်တယ်” လို့Khan ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာအဖွဲ့အစည်းများစွာနှင့် ရိုဟင်ဂျာများ ကိုနေရပ်ပြန်ပို့ရေး ဆက်လက်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံသည်မငြိမ်မသက်ဖြစ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ စစ်ပွဲတွေ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။
"ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ သဘောတူညီချက် အမျိုးမျိုးနဲ့ နားလည်မှုလက်မှတ် ရေးထိုးထားပေမယ့် မြန်မာကြောင့် မတိုးတက်သေးဘူး။ ရိုဟင်ဂျာတွေကို မကြာခင်မြန်မာကပြန်လည် ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောဆိုသွားခဲ့သည်။
Ref: Bdnews24