Preview

မေလအတွင်း နိုင်ငံတဝန်းတွင် စစ်တပ်၏ သတ်ဖြတ်ခံ၇သူ ၂၅၆ ဦးရှိပြီး ထိုအထဲတွင် ရခိုင်တွင်အများဆုံးဖြစ်ကြောင်း AAPP ထုတ်ပြန်

ဇွန် ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :718
ပြည်တွင်း သတင်း

လူထက်နိုင်(ဒွါရာမြီ)၊ နိရဉ္စရာ၊ဇွန်လ၆ရက်/၂၀၂၄

၂၀၂၄ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇၄) ဦးနှင့် အမျိုးသား(၁၈၂) ဦး စုစုပေါင်း (၂၅၆) ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ဇွန် ၅ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။

သေဆုံးသူများကို  အမည်နှင့်တကွအတည်ပြုနိုင်ခဲ့သည်ဟုဆိုသည်။

သေဆုံးသူအများအထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူများနှင့် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံ၇သူဟူ၍နှစ်မျိုးခွဲခြားထားသည်။

ရခိုင်ပြည်နယ်တွင် သေဆုံးသူများမှာ  ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူများဖြစ်ပြီး အရေအတွက် (၄၈) ဦးဖြင့်သေဆုံးမှု အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူ ၂၅၆ ဦးအထဲတွင်သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့်သေဆုံးရသူ အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၅၁) ဦး စုစုပေါင်း (၅၈) ဦးပါဝင်ကာ အဆိုပါအရေအတွက်ထဲမှ (၃၉) ဦးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။

အလားတူပင်ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်မှုကြောင့် သေဆုံး၇သူ အမျိုးသမီး(၈) ဦးနှင့် အမျိုးသား (၇၈) ဦး စုစုပေါင်း (၈၆) ဦး ရှိခဲ့ပြီးအဆိုပါအရေအတွက်၌လည်း ၇ခိုင်ပြည်နယ်မှာ (၄၈) ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဇွန်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၂၃၃) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံ၇သူ (၁၈၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့၇သူ စုစုပေါင်း (၂၆၈၂၄) ဦးရှိပြီး ထိုအထဲမှ (၂၀၅၆၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေ၇သူများအနက်မှ (၉၁၅၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဇွန်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေ၇သူ စုစုပေါင်း (၁၂၄) ဦး ရှိပြီဖြစ်သည်။

မျက်ကွယ်သေဒဏ်ချမှတ်ခံထား၇သူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထား၇သူ စုစုပေါင်း (၁၆ရ) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၂၅၉) ဦး ရှိသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း AAPP မှထုတ်ပြန်ထားသည်သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.