စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ရခိုင်နှင့် စစ်ကိုင်းတိုင်းရှိ အရပ်သားများကိုမြန်မာစစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုများအပေါ် ကုလအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၇/၂၀၂၄

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ အရပ်သားများကို မကြာသေးမီက မြန်မာစစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ဇွန်လ ၆ ရက် က ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုသို့ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ပြည်သူများအပါအဝင် အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ခဲ့သည်ဟု ဆိုသည့် မြန်မာစစ်တပ်၏ မကြာသေးမီက တိုက်ခိုက်မှုများကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံး ဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဆက်လက် ဖိနှိပ်မှုများသည် လူမှုအသိုက်အဝန်း အားလုံးအပေါ် အကာအကွယ် ပေးရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေပါသည်။

နိုင်ငံတွင်း နေရာ အများအပြားတွင်လည်း မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။ ဤလုပ်ရပ်များ အတွက် တာဝန်ရှိသူများ တာဝန်ခံမှု ရှိစေရပါမည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်ကြသော အဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် ဥပဒေနှင့်အညီ အရပ်သားများကို အကာအကွယ်ပေး‌ရေး ဦးစားပေး ဆောင်ရွက်ရန်၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အကြမ်းဖက်မှုနှင့် လူမှုအသိုင်းအဝိုင်းကြား တင်းမာမှု ဖြစ်ပေါ်ရန် ထပ်မံလှုံ့ဆော်မှုများကို တားဆီးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုပါသည်။

မြန်မာနိုင်ငံတွင်း ပိုမိုဆိုးဝါးလာနေသည့် အခြေအနေကြောင့် ဒေသတွင်းမှာ နောက်ဆက်တွဲ အကျိုးဆက်များ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ ပေါင်းစည်းညီညွတ်သည့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု လုပ်ဆောင်ရန်အတွက်လည်း ထပ်မံတောင်းဆိုပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် သူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) နှင့် ထိတွေ့ဆက်ဆံရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ပါဝင် ပတ်သက်သူများ အားလုံးကို တိုက်တွန်းပါသည်။

ထို့ပြင် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ အိမ်နီးချင်း နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးပါဝင်သည့် လုပ်ငန်းစဥ်တရပ်ကို တည်ဆောက်ရာမှာ ကူညီ ဆောင်ရွက်ကြရန်နှင့် ဆင်းရဲဒုက္ခများ လျော့နည်းပျောက်ကွယ်သွားရန် အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံဖို့ အားလုံးကို တိုက်တွန်းလိုက်ပါသည် ဟု ဖော်ပြထားသည်။

 Source/UN Myanmar and Photo; USAIDS

ဆက်စပ် သတင်းများ