Preview

ချင်းနှင့်ရခိုင် ချစ်ကြည်ရေးကို ယခုထက်ပိုမိုခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် ၆ ဖွဲ့ထုတ်ပြန်

ဇွန် ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :2268
ပြည်တွင်း သတင်း

(GKO ကဲ့သို့သောအဖွဲ့အစည်းများမှမဟုတ်မမှန် သတင်းများကိုထုတ်ပြန်ပြီး AA အား တိုက်ခိုက်ခြင်းမှာ တော်လှန်ရေးကိုအကျိုးယုတ်စေသည့် စိတ်ဓာတ်မမှန်သော၊မှားယွင်းသော လုပ်ရပ်များသာဖြစ်ကြောင်းဖော်ပြ) 

နိရဉ္စရာ၊ ဇွန် ၁၀ /၂၀၂၄

ချင်းနှင့် ရခိုင် ချစ်ကြည်ရေးကိုလည်း ယခုထက်ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိမိတို့ ချင်းညီနောင်(၆) ဖွဲ့က ဇွန် ၈ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

ထုတ်ပြန်သည့် အဖွဲ့ (၆) ဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZomiFederal Union)၊  ချင်းအမျိုးသား အဖွဲ့ချုပ် (ChinNational Organization)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council)  ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) (Chin Defense Force – Kanpetlet)၊  ချင်းအမျိုးသားကောင်စီ(မင်းတပ်) (Chin National Council (Mindat))၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) Chinland Defense Force - Matupi တပ်မဟာ (၁) တို့ဖြစ်ကြသည်။

အဆိုပါ အဖွဲ့ (၆) ဖွဲ့မှ ထုတ်ပြန်သည့် အများပြည်သူသို့ အသိပေးထုတ်ပြန်ချက်ထဲတွင် “ မိမိတို့ချင်းညီနောင်အနေဖြင့် အာရက္ခတပ်တော်နှင့်အတူ လက်တွဲ၍ စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ပြီး ချင်းနှင့် ရခိုင်ချစ်ကြည်ရေးကိုလည်း ယခုထက် ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်”ဟု ဖော်ပြထားသည်။

--------

အများပြည်သူသို့ အသိပေးထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်

၁။ လက်ရှိကာလသည်စစ်အာဏာရှင်စနစ်ကို နိုင်ငံတဝန်းတွင် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေသော ကာလ ဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီ အင်အားအနည်းဆုံး ယိုင်နဲ့လာသောအချိန်ဖြစ်သည်။ မြေပြင်တွင်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ပြည်သူအများအကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ် ကျူးလွန်မှုကိုကြုံတွေ့နေရသော အခြေအနေတွင် လူမျိုးစုရေး ပဋိပက္ခပြဿနာများ၊ မဟုတ်မမှန်ကောလာဟလ သတင်းများဖြင့် အချိန်ကိုက်လုပ်ကြံ တိုက်ခိုက်ခြင်းမှာ သွေးရိုးသားရိုးမဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီကို အားပေးသော နိုင်ငံရေး လုပ်ကြံမှုသာဖြစ်သည်ဟုချင်းညီနောင်အနေဖြင့် ရှုမြင်သည်။

၂။ ချင်းတော်လှန်ရေးအဖွဲ့များနှင့် အာရက္ခတပ်တော်တို့ အိမ်းနီနားချင်း ဆွေးမျိုးရင်းချာ ညီအစ်ကိုများ သဖွယ်အသက်ထပ်တိုက်ပွဲဝင်နေကြစဉ်ကာလတွင်း လက်တစ်ဆုပ်စာ လူများဖြင့်ဖွဲ့စည်းထားသည့် (GKO) ကဲ့သို့သော အဖွဲ့အစည်းများမှမဟုတ်မမှန် သတင်းများကို ထုတ်ပြန်တိုက်ခိုက်ခြင်းမှာ တော်လှန်ရေးကိုအကျိုးယုတ်စေသည့် စိတ်ဓာတ်မမှန်သော၊မှားယွင်းသော လုပ်ရပ်များသာ ဖြစ်သည်။ အချို့သော လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနှင့်အာရက္ခတပ်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကိုမထိခိုက်စေရန် သတိထားရမည်ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်းယခုကဲ့သို့ အခြေအမြစ်မရှိ၊ အထောက်အထား မရှိသော တစ်ဖက်သတ် ဝါဒဖြန့်မှုများကို နားမယောင်မိရန် လိုအပ်ပါသည်။

၃။ မိမိတို့အဖွဲ့အစည်း၏မဟာမိတ်ကောင်း၊ အိမ်နီးနားချင်းကောင်း ဖြစ်သည့် အာရက္ခတပ်တော်၏ပြတ်သားသော စစ်ရေး၊ နိုင်ငံရေးရပ်တည်ချက်များ၊ စစ်သည်တော်ကျင့်ဝတ်များ၊မဟာမိတ် ဆက်ဆံရေး မူဝါဒများကိုမိမိတို့ ချင်းတော်လှန်ရေးအဖွဲ့အစည်းများသာမကမြန်မာတစ်နိုင်ငံလုံးရှိ အခြားသော နွေဦးတော်လှန်ရေးအဖွဲ့များကလည်း အားကျအတုယူကြသည်မှာ အများအသိပင် ဖြစ်သည်။မိမိတို့ချင်းညီနောင်အနေဖြင့် အာရက္ခတပ်တော်နှင့်အတူ လက်တွဲ၍ စစ်အာဏာရှင်ပြုတ်ကျရေး အတွက်ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ပြီး ချင်းနှင့် ရခိုင်ချစ်ကြည်ရေးကိုလည်း ယခုထက် ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

၄။ ယခုအချိန်သည် မိမိတို့၏ မဟာမိတ်ဖြစ်သော အာရက္ခတပ်တော်အနေဖြင့် အောင်ပွဲများ၊ အောင်မြင်မှုများ ရရှိနေသော်လည်း တစ်ဖက်တွင်ရန်သူ၏ လူမျိုးရေးပဋိပက္ခ ဖြစ်စေရန်ဖန်တီးတိုက်ခိုက်နေခြင်း၊ အခက်အခဲများဖြစ်စေရန်ချောက်တွန်းလုပ်ကြံခြင်းတို့ကို ကျော်ဖြတ်ပြီး မိမိတို့ချင်းညီနောင်အနေဖြင့် အာရက္ခတပ်တော်နှင့် ရခိုင်ပြည်သူများအတွက် အိမ်နီးချင်းကောင်း၊ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းထုတ်ပြန်အပ်ပါသည်။

မိတ်ဆွေကောင်းပီသစွာ ဇိုမီးဖက်ဒရယ်အစည်းအရုံး Zomi Federal Union ချင်းအမျိုးသားအဖွဲ့ချုပ်Chin National Organization မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council) ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ChinDefense Force - Kanpetlet ချင်းအမျိုးသားကောင်စီ (မင်းတပ်)Chin National Council (Mindat) ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)Chinland Defense Force - Matupi တပ်မဟာ (၁) တို့ဖြစ်ကြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.