(ဒဏ်ခတ်ပိတ်ဆို့မှုများအမြန်ဆုံး ချမှတ်ရန် တောင်းဆို)
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၄
မြန်မာစစ်အစိုးရ၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်း မှုနှင့် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှု(VPNအပါအဝင်)တို့တွင်ပါဝင်ပတ်သက် နေသည့် တရုတ်နှင့် မြန်မာကုမ္ပဏီများကိုအရေးယူပိတ်ဆို့ မှုများ အမြန်ဆုံးချမှတ်ရန် JFM က တောင်းဆိုလိုက်သည်။
တရားမဝင်မြန်မာစစ်အုပ်စုသည်ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တစ်ရပ် တည်ဆောက်ရေး အရှိန်မြှင့်တင်ဆောင်ရွက်နေသည့်အလျောက် မြန်မာအင်တာနက်အသုံးပြုသူများအပေါ် စုံစမ်းထောက်လှမ်းရေးနှင့်အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး ၎င်း၏ကြိုးပမ်းမှုများတွင်တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာများ၊ နည်းပညာများနှင့်ပံ့ပိုးကူညီမှုများကို ရရှိ အသုံးပြုနေကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့်JFM ကယနေ့တွင်ထုတ်ပြန်လိုက်သည့်သတင်းထုတ် ချက်တွင်ဖော်ပြထားသည်။
လျှို့ဝှက်ပေါက်ကြားလာသည့်စာရွက်စာတမ်းများနှင့် ကော်ပိုရိတ်မှတ်တမ်းများ အပါအဝင်သတင်း ရင်းမြစ်များအပေါ် အခြေခံ၍ Justice For Myanmar ၏ စုံစမ်းသုတေသနပြုမှုအရ စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအစီအစဉ်တွင် တရုတ်ကုမ္ပဏီနှစ်ခု၏ ပါဝင်ပတ်သက်နေမှုများကိုဖော်ထုတ်နိုင်ခဲ့သည်။
စီမံကိန်းလျာထားချက်အစီအစဉ်စာရွက်စာတမ်းများအရ တရုတ်ကုမ္ပဏီ Geedge Networks ထံမှထုတ်ကုန်ပစ္စည်းနှစ်ခုကို အသုံးပြုကြောင်း ဖော်ပြထားသည်။
စုံစမ်းထောက်လှမ်းမှုနှင့်အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုစနစ်တွင် အသုံးပြုသည့်ယင်းပစ္စည်းများကို Jizhi (Hainan) Information Technology Company Limitedအနေဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် မေလလကုန်ပိုင်း၌ စတင်အသက်သွင်း လုပ်ဆောင်စေခဲ့သည်။ Geedge Networks တည်ထောင်သူနှင့်သိပ္ပံပညာရှင်အကြီးအကဲသည် Fang Binxing ဖြစ်ပြီး၊ ၎င်းကိုတရုတ်နိုင်ငံ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးယန္တရားကြီး Great Firewall ၏“ဖခင်”ဟုလည်းဆိုကြသည်။
ထုတ်ကုန်တစ်ခုဖြစ်သည့်Taingou Secure Gateway (TSG) သည် အသေးစိတ်မွှေနှောက်ရှာဖွေရေး(deep pack inspection) ကိုအသုံးပြုပြီး၊ secure socketslayer (SSL) နှင့်transport layer security (TLS) ကုဒ်ဝှက်လုပ်ထုံးလုပ်နည်းများဖြင့်ဆာဗာနှင့် သုံးစွဲသူအကြား ကုဒ်ဝှက်ထားသည့်အင်တာနက် အသွားအလားများအပေါ် စီစစ်စစ်ဆေးနိုင်ခြင်း၊ ကုဒ်ဖြေခြင်းတို့ကိုစွမ်းဆောင်နိုင်သည်ဟု ဆိုထားသည်။
TSG သည် virtual private networks(VPN) များအပါအဝင်အက်ပလီကေးရှင်းများကို ၎င်းတို့၏အပြုအမူများနှင့် လက္ခဏာများပေါ် မူတည်၍ ပိတ်ပင်နိုင်သည့် Firewall တစ်ခုအဖြစ်လည်းလုပ်ဆောင်နိုင်သည်။
Geedge Networks မှနောက်ထပ်ထုတ်ကုန်တစ်ခုဖြစ်သည့် Cyber Narrator သည်VPN အသုံးပြုမှုအပါအဝင် အင်တာနက်အသွားအလာများကို စောင့်ကြည့်ရန်၊ ခွဲခြမ်းသုံးသပ်ရန်နှင့်“အန္တရယ်ရှိနိုင်သည်ဟုယူဆသော ခြိမ်းခြောက်မှုများ” အပေါ်တုန့်ပြန်ရန် ဒီဇိုင်းရေးဆွဲထားသည့် အင်တာနက်ထောက်လှမ်းရေးကွန်ရက်ပလက်ဖောင်းတစ်ခု ဖြစ်သည်။
ထို့အပြင်တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် China National Electronics Importand Export Corporation (CEIEC) သည် စစ်အုပ်စုထိန်းချုပ်ထားသည့်ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရန်အဆိုပြုမှုတွင် ပါဝင်ပတ်သက်နေသည့် Fang Binxing နှင့် ဆက်နွှယ်မှုရှိနေသည်။
အဆိုပါကုမ္ပဏီများနှင့်စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန်အတွက် ခရိုနီကုမ္ပဏီMascots Group of Companies က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးသည်။ ယင်းကုမ္ပဏီအုပ်စုကို ဒေါက်တာဝင်းကျော်နှင့်၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့ကဦးဆောင်ပြီး၊ ၎င်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများရှိအနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်သည့် ကွန်ရက်တွင်ပါဝင်ပတ်သက်နေသူများ ဖြစ်ကြသည်။
ယင်းကုမ္ပဏီများ၏ ထက်ဝက်ကျော်ကိုမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင်ဖော်ထုတ်စာရင်းသွင်းထားပြီး ဖြစ်သည်။
အစိုးရများအနေဖြင့်Geedge Networks၊ CEIEC နှင့်Mascots Group၊ ယင်းကုမ္ပဏီများ၏ဒါရိုက်တာ များနှင့် ဆက်စပ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုများအရေးတကြီး ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။ အစိုးရများအနေဖြင့်တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာ၊နည်းပညာအကူအညီနှင့် လေယာဉ်ဆီ ထောက်ပံ့ပေးအပ်နေသည့် ၎င်းတို့ အချုပ်အခြာနယ်မြေ အတွင်းရှိ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များကို မဖြစ်မနေ ပိတ်ဆို့အရေးယူ၇မည်ဖြစ်သည်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူမရတနာမောင်က “တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့မြန်မာ ခရိုနီအပေါင်းအပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးနည်းပညာ တွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်"ဟုဆိုသည်။
"စစ်အုပ်စုက၎င်းတို့ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေကိုရှာဖွေနှိမ်နှင်းဖို့ ကြိုးပမ်းနေချိန်မှာ၊ ဒီတရုတ်နည်းပညာသစ်တွေကစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုထပ်ဆင့်ကူညီ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ Geedge Networks ရဲ့အင်တာနက်ဆင်ဆာ ဖြတ်တောက်မှုစနစ်က မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကိုထပ်မံချိုးဖောက်မှာဖြစ်သလို၊ ဒါဟာ စစ်အုပ်စုရဲ့လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေ အပေါ်ဖိနှိပ်ရေးစစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်လာမှာပါ။ အစိုးရများအနေနဲ့စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့မြန်မာနဲ့ နိုင်ငံခြား ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့်အရေးယူဆောင်ရွက်မှုတွေကို အဆောတလျင် မဖြစ်မနေ လုပ်ဆောင်၇မှာဖြစ်ပါတယ်” ဟု ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။ Source/Justice For Myanmar