စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

မြန်မာနိုင်ငံဘက်မှ နောက်ထပ် ပစ်ခတ်လာပါက လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

ဂျွန်နသန်၊နိရဉ္စရာ၊ ဇွန် ၂၁/၂၀၂၄

မြန်မာနိုင်ငံဘက်မှ နောက်ထပ် ပစ်ခတ်လာပါက လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူဇာမန်ခန်းကာမယ်လ် သတိပေး ပြောကြားလိုက်သည်။

မြန်မာတပ်မတော်နှင့် အာရက္ခတပ်တော် (Arakan Army ) နှစ်ဖက်စလုံးအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပစ်ခတ်မှုများ မပြုလုပ်ကြရန် သတိပေးထားကြောင်း၊  ပြုလုပ်ခဲ့ပါက ဘင်္ဂလားဒေ့ရှ် အနေဖြင့် လက်တုံ့ ပြန် ပစ်ခတ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး က ပြောကြားသည်။

ဇွန်လ ၂၀ ရက်က အတွင်းဝန်ရုံးရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးတွင်၊ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီး က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ဒါကာထရီဗြူးကဖော်ပြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးသည် မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်လျက် ရှိနေကြကြောင်း ပြည်ထဲရေးဝန်ကြီးကသတင်းထောက်များအား ရှင်းပြသည်။

AA သည် ရခိုင်ပြည်နယ်အတွင်း နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP)တပ်ဖွဲ့ ၀င်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရကြောင်း ၎င်းက ပြောသည်။

"အဲဒီမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ရဲ့ BGB (နယ်ခြား စောင့်တပ်ဖွဲ့)တပ်ဖွဲ့၀င်တွေ ကို တခါတရံ မှားယွင်းပြီး ပစ်ခတ်မှုတွေလုပ်ခဲ့တာကိုတော့ ကျွန်တော် အတည်ပြုပြောကြားလိုပါတယ်။ ဘင်္ဂလားဒေ့ရှ် အလံကိုတွေ့ရင် ပစ်ခတ်တာမလုပ်ကြ ဖို့သူတို့ထံ ကျွန်တော်တို့ အကြောင်းကြားထားပါတယ်” ဟု၄င်းကထပ်လောင်း ပြောဆိုသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ရေကြောင်းသွားလာနိုင်သော လမ်းကြောင်း အချို့ ပျောက်ဆုံးသွားခဲ့တဲ့အတွက် တက်ကနက် (ကယုချောင်း) မှ စိန့်မာတင်ကျွန်း သို့ သွားရာမှာမြန်မာရေပြင် ပိုင်နက်ကို ဖြတ်သန်းသွားလာဖို့ လိုအပ်တာမို့ ဒါက ပြဿနာကို အထောက်အကူဖြစ်စေကြောင်း နတ်မြစ်နှင့် ပတ်သက်၍ ၀န်ကြီးက ပြောကြားခဲ့သည်။

"တစ်ခါတလေမှာ မြန်မာစစ်တပ်၊ တခါတလေမှာ ရက္ခိုင့်တပ်မတော်က ပစ်ခတ်တာတွေလုပ် ပါတယ်။ ထပ် ပစ်လာခဲ့မယ်ဆိုရင်ရင်တော့ ကျွန်တော်တို့ ပြန်ပစ်မယ်လို့ နှစ်ဖက် စလုံးကို ပြောထားပါတယ်။ အဲဒီမှာရှိနေတဲ့ မြန်မာသင်္ဘောနှစ်စင်းကတော့ ပြန်ရုတ်သိမ်းသွားပါပြီ။နောက်ထပ် ပစ်ခတ်မှုတွေ ရှိလာတော့မှာ မဟုတ်ဘူးလို့တော့ မျှော်လင့်ရပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီလမ်းကြောင်းကို ဖြတ်သန်းသွားလာနေသူတွေကတော့ သတိထားသင့်ပါတယ်” ဟုပြည်ထဲရေးဝန်ကြီးကထပ်လောင်း ပြောဆိုခဲ့သည်။

(ပုံ/ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက် ကြာသပတေးနေ့တွင် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal သည် အတွင်းဝန်ရုံးရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးတွင် သတင်းထောက်များအား ရှင်းလင်း ပြောကြာနေစဥ်။ Photo: Bangla Tribune)

ဆက်စပ် သတင်းများ