တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

မြန်မာကို စစ်လက်နက်ပစ္စည်းကန် ဒေါ်လာ သန်း ၁၃၀ ဖိုးတင်ပို့ခဲ့ပြီး ယမန်နှစ်ထက် နှစ်ဆပိုမိုများပြားခဲ့ကြောင်း ကုလအထူးကိုယ်စားလှယ်ကပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

(မြန်မာစစ်အစိုးရက လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ၀ယ်ယူမှုတွင်  နိုင်ငံပေါင်း(၇) နိုင်ငံရှိ ဘဏ်ပေါင်း (၁၆)ခု ၏ စာရင်းကို ဖော်ထုတ်နိုင်ခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၄

မြန်မာစစ်အစိုးရက လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ၀ယ်ယူမှုတွင် နိုင်ငံခြားဘဏ်များက ကူညီပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် အရှိန်အဟုန်မြင့်မားလာချိန်တွင် မြန်မာစစ်အစိုးရအား လက်နက်နှင့် စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ရရှိရန် နိုင်ငံခြားဘဏ်များက ကူညီပေးလျက်ရှိ ကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို တင်ပို့ခဲ့သည့် စစ်လက်နက်ပစ္စည်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ဖိုးအထိ ရှိခဲ့ကြောင်း၊ ယင်းပမာဏသည် ယမန်နှစ် ကာလနှင့် နိုင်းယှဥ်ပါ နှစ်ဆပိုမိုများခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သည် အစီရင်ခံစာတွင် ဖော်ပြထားချက် အရသိရသည်။

ပြီးခဲ့သော နှစ်နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူ ရာတွင် ငွေလွှဲမှုများအပါအ၀င် ဘဏ်၀န်ဆောင်မှုများချိတ်ဆက် လုပ်ဆောင်ခဲ့သည့် နိုင်ငံပေါင်း (၇) နိုင်ငံရှိ ဘဏ်ပေါင်း (၁၆)ခု ၏စာရင်းကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဘဏ်ပေါင်း (၂၅)ဘဏ် သည် စစ်အစိုးရ ထိန်းချုပ်မှု အောက်ရှိ ဘဏ်များနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုများပြုလုပ်ခဲ့သည်ဟုသိရသည်။

"ဒီစစ်အစိုးရဟာ အဲဒီအပေါ်မှာ(စစ်လက်နက်ပစ္စည်းများ) အရှိန်အဟုန်နဲ့ ရပ်တည်နေတာဖြစ်တဲ့ အတွက် ဘဏ္ဍာရေးအဖွဲ့အစည်းတွေ(ဘဏ်တွေ) က သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်တွေကို အလေးအနက်ထားပြီး စစ်အစိုးရရဲ့သေမင်းတမန် (စစ်လက်နက်ပစ္စည်းများ) အရောင်းအဝယ်တွေကို လွယ်ကူချောမွေ့အောင် မလုပ်မိကြဖို့ အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ပြော ဆိုသည်။

တရားဝင်ဘဏ်စနစ်မှတစ်ဆင့် မြန်မာစစ်တပ်၏ နှစ်စဉ် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ဝယ်ယူမှုများသည် ၂၀၂၃ ခုနှစ် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ (၃၇၇)သန်းမှ (၂၅၃) သန်းအထိ ကျဆင်းသွားခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ သည်။

သို့သော်လည်းမြန်မာ စစ်အစိုးရသည် လစ်ဟာချက်များကို အသုံးချကာ ပိတ်ဆို့အရေးယူမှုများကို ရှောင်တိမ်းလျက်ရှိနေကြောင်း ၎င်းက ထောက်ပြပြောဆို ခဲ့သည်။

“သတင်းကောင်းကတော့ စစ်အစိုးရက ပိုအထီးကျန် ဖြစ်နေလို့ပါပဲ။ သတင်းဆိုးကတော့ စစ်အစိုးရဟာ ပိတ်ဆို့အရေးယူမှုတွေနဲ့ တခြားအစီအမံတွေကနေ ရှောင်တိမ်းလျက်ရှိနေပါတယ်။ ဒါကို အရေးယူရမှာပါ” ဟု ၄င်းကဆက် ပြောသည်။

စင်ကာပူအစိုးရသည် မြန်မာစစ်အစိုးရအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေသည့် စင်ကာပူရှိ ဘဏ်များကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ စင်ကာပူတွင်မှတ်ပုံတင်ထားသော ကုမ္ပဏီများမှ တဆင့် မြန်မာနိုင်ငံသို့ လက်နက်များရောင်းချမှုသည်( ၉၀)ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည်။

ထို့နောက်တွင်မြန်မာစစ်အစိုးရသည် ထိုင်းနိုင်ငံရှိဘဏ်များ ကို ပြောင်းလဲ အသုံးပြုလာနေခြင်း ဖြစ်ကြောင်း ၄င်းက ထောက်ပြ ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို တင်ပို့ခဲ့သည့် စစ်လက်နက် ပစ္စည်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ဖိုးအထိ ရှိခဲ့ကြောင်း၊ ယင်းပမာဏသည် ယမန်နှစ် ကာလနှင့် နှိုင်းယှဥ်ပါ နှစ်ဆပိုမိုများပြားခဲ့ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

Source/UN News and photo from Internet

ဆက်စပ် သတင်းများ