တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

AA သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြိမ်းခြောက်နေသည့်အဖွဲ့ မဟုတ်သလို မိတ်ဆွေလည်း မဟုတ်ကြောင်း ဘင်္ဂလာနယ်ခြားစောင့်အကြီးအကဲကပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 5k

(မြန်မာဘက်ကိုသတိပေးလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်စက်လှေများ ကို သေနတ်ဖြင့်ပစ်ခတ်မှု မရှိတော့ဟုဆို)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၈/ ၂၀၂၄

အာရက္ခတပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြိမ်းခြောက်နေသည့်အဖွဲ့အစည်း မဟုတ်သလို မိတ်ဆွေလည်း မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အကြီးအကဲ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ပြောကြားလိုက်သည်။

နတ်မြစ်အတွင်း သွားလာနေသည့် ဘင်္ဂလားဒေ့ရှ် စက်လှေများကို မြန်မာဘက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောကြားရာတွင် AA နှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ အမေးကို သူက ထိုသို့ တုံ့ပြန်ဖြေကြားသွားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အကဲ ဗိုလ်ချုပ် Siddiqui သည် ဇွန်လ ၂၇ ရက်နေ့က စိန့်မာတင် (အုန်းကျွန်း) ကိစ္စ အပါအဝင် မြန်မာ့နယ်စပ်ရေးနှင့် ပတ်သက်ပြီး သတင်းထောက်များကို တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က “ မြန်မာစစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ကို သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် နတ်မြစ် မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် စက်လှေတွေကို မြန်မာဘက်က ပစ်ခတ်မှု ဖြစ်ပွားတာ မရှိတော့ပါဘူး" ဟုပြောကြားသည်။

သတင်းထောက်များက “ ရက္ခိုင့်တပ်မတော်(AA)နှင့် ပတ်သက်​ပြီး ဘယ်လို သဘောထားပါသလဲ” ဟု  မေးမြန်းရာ AA  တော်လှန်ရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြိမ်းခြောက်နေသည့်အဖွဲ့ မဟုတ်သလို မိတ်ဆွေလည်း မဟုတ်ကြောင်း ပြန်လည်ဖြေကြားပြောဆိုခဲ့သည်။



မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်မတော်တို့ နှစ်ဖက်အကြား တိုက်ပွဲများ ပြင်းထန်လာမှု ကြောင့် နတ်မြစ်တစ်လျှောက် သွားလာနေသည့်ဘင်္ဂလားဒေ့ရှ် စက်လှေများကို မရည်ရွယ်ဘဲ သေနတ်ဖြင့် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း ယင်းအတွက် မြန်မာကိုသတိပေးခဲ့ရကြောင်း ၄င်းကဆက် ပြောသည်။

“ကျွန်တော်တို့ရဲစက်လှေတွေကို ပစ်ခတ်တာတွေမလုပ်ဖို့  မြန်မာအစိုးရကိုရော အေအေကိုပါ နှစ်ဘက်စလုံးကို သတိပေးထားပါတယ်။ သတိပေး တပ်လှန့်ပြီးနောက်မှာ ကျွန်တော် တို့ရဲ့ စက်လှေတွေကို ပစ်ခတ်မှုတွေပြုလုပ်တာ တော့ မရှိပါဘူး” ဟု ၎င်းက ထပ် လောင်းပြောဆိုသည်။

စိန့်မာတင်ကျွန်းဆီ စုန်ဆန်သွားလာနေသည့် စက် လှေများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အလံကို ခပ်မြင်မြင့်တွင် လွှင့်တင်ခိုင်းထားသည့်အတွက် ထိုနေရာတွင်မည်သည့် ပြဿနာမှ (ပစ်ခတ်မှုဖြစ်ပွားခြင်း) ဖြစ်ပွားခြင်း မရှိကြောင်း ဟု ၄င်းက ဆက်ပြောသည်။

"သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် သင်္ဘောများနဲ့ ငါးဖမ်းသင်္ဘောတွေဟာ ကော့စ်ဘဇားမှ စိန့်မာတင်ကျွန်းဆီ သွားလာရာမှာ လမ်းကြောင်းသစ် ကနေ အစားထိုး သွားလာနေပါတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေ ကို ရှောင်ရှားဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။

စိန့်မာတင်ကျွန်းသည် လုံခြုံမှုမရှိတော့ကြောင်း လူအများပြောဆိုနေကြသည်မှာ ကောလာဟလသာ ဖြစ်ပြီး အဆိုပါကောလာဟလသတင်းများကို ဂရုမစိုက်ကြရန်လည်း ၄င်းက ပြောကြားခဲ့သည်။

“ကောလဟာလတွေဟာ စိန့်မာတင် ကျွန်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲဒါတွေကို မယုံကြည်ကြဖို့ အားလုံးကို သတိပေးခဲ့ပါ တယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။    Source/Daily Sun

ဆက်စပ် သတင်းများ