တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

မြန်မာသည် ကမ္ဘာတွင် ဘိန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 452

(မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၁၀၈၀ ခန့် ထုတ်လုပ်ခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၉/ ၂၀၂၄

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်လာပြီး၊ စစ်အစိုးရသည် ဘိန်းစိုက်ပျိုးမှုကို တားဆီးနှိမ်နင်းရန် ရုန်းကန်နေရကြောင်း AFP သတင်းကဖော်ပြသည်။

ပဋိပက္ခဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ပြောကြားပြီး လပိုင်းအကြာတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်သည့် စိန်ခေါ်မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ကြောင်း  နိုင်ငံပိုင် သတင်းစာ ဖြစ်သည့် The Global New Light of Myanmar သတင်းစာတွင် ဇွန်လ၂၆ရက်၌  ထုတ်ဖော် ပြောကြားခဲ့သည်ဟုဆိုသည်။ 

မြန်မာနိုင်ငံတွင် ဘိန်းဖြူထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ဘိန်း စိုက်ပျိုးမှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၂၀၂၃ ခုနှစ်တွင် “အနည်းငယ်ပိုတိုးလာ” ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး၏ အဆိုအရ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၁၀၈၀ ခန့် ထုတ်လုပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၇၉၀ သာရှိခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသည့် ခေတ်မီ ဓာတုပစ္စည်းများကို အသုံးပြု၍ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က စွပ်စွဲပြောကြားသည်။

တာလီဘန်အစိုးရသည် ဘိန်းစိုက်ပျိုးမှုကို တားမြစ် ပိတ်ပင် လိုက်ပြီးနောက် တွင် အာဖဂန်နစ္စတန်တွင် ၂၀၂၃ခုနှစ်က ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၃၃၀ ခန့် အထိ ကျဆင်းသွားခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။  

 Source/The Hindu and Photo: Facebook

ဆက်စပ် သတင်းများ