တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရေကြီး၊ရေလျှံမှုများဖြစ်ပွားခဲ့ရာအိမ်ထောင်စုပေါင်း(၃,၇၀၀)၊ လူဦးရေ (၁၇,၉၀၀)ဦး ရေဘေးဒဏ်သင့်ခဲ့ကြောင်း AH Centre ကသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 206

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလှိုင် ၄/ ၂၀၂၄

မြန်မာနိုင်ငံမြောက်ပိုင်းတွင်  ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း(၃,၇၀၀)၊ လူဦးရေ (၁၇,၉၀၀)ဦး ရေဘေးဒဏ်သင့်ခဲ့ကြောင်း အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) က ဇူလိုင်(၄)ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင်  ဇွန်လနောက်ဆုံးပတ်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့တို့ ရေနစ်မြုပ်ခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။


ထို့အတူ နောက်ထပ်မြစ်ကြီးတစ်ခုဖြစ်သည့် ချင်းတွင်းမြစ် သည် လည်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး ရေလျှံကာ ချင်းတွင်းမြစ်အနီးရှိ ခမ္မတီး ကို ရေလွှမ်းမိုးခဲ့သည်။

ရေကြီးမှုကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ အိမ်ထောင်စုပေါင်း ( ၃,၇၀၀) လူဦးရေ (၁၇,၉၀၀) ဦး ကို စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းများနှင့် အခြား အမိုးအကာများ ရှိရာနေရာကဲ့သို့သော ရေဘေးကယ်ဆယ်ရေးစခန်း( ၅၃)ခုတို့တွင် ရွှေ့ပြောင်းနေရာချပေးခဲ့ရသည်ဟုဆိုသည်။

အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) သည် နောက်ထပ် ဖြစ်ပေါ်လာမည့် အခြေအနေ များ ကို ဆက်လက်စောင့်ကြည့်ပြီး နောက်ဆုံး ရ သတင်း အချက်အလက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း AHA Centre ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source/AHA Centre and Photos/MRCS


ဆက်စပ် သတင်းများ