တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

မြန်မာဘက်က ကျယ်လောင်​သည့်ပေါက်ကွဲသံများ ပြန်လည်ထွက်ပေါ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

(မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲ ဝင်ရောက်လာဖို့ ကြိုးစားနေ၍ နယ်ခြားစောင့်တပ်၊ ကမ်းခြေစောင့်တပ်တို့ကို အသင့်အနေအထား ရှိကြရန် သတိပေးချက် ထုတ်ပြန်ထား)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၅/ ၂၀၂၄

မြန်မာဘက်မှ ကျယ်လောင်​သည့် ပေါက်ကွဲသံများပြန်လည်ထွက်ပေါ်လာခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ တိုးလာခဲ့ကြောင်း ဒါကာထရီဗြူး က သတင်းဖော်ပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက် တိုက်ပွဲများ သုံးရက်ကြာငြိမ်သက်သွားခဲ့သော်လည်း ဇူလိုင်လ(၄)ရက် တွင် အာရက္ခတပ်တော်နှင့် မြန်မာတပ်မတော်တို့အကြားပြင်းထန်သည့် တိုက်ပွဲ များကြောင့် မော်တာကျည်ဆန်ပေါက်ကွဲသံများ ၊ လက်နက်ကြီး ပစ်ခတ်သံများ ကျယ်လောင်စွာ ထပ်မံ ထွက်ပေါ်လာသည့်အတွက် ကော့ဘဇားခရိုင် တက်ကနက် (ကယုချောင်း) ရှိ ဒေသခံများအကြား စိုးရိမ်ပူပန် မှုများ တိုးလာခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာ နေသဖြင့် တက်ကနက် မြို့ခံများကို သတိရှိကြရန်အာဏာပိုင်များက အသိပေးနှိုးဆော်ထားပြီး မြန်မာဘက်မှ ကျူးကျော်ဝင်ရောက် လာမှုများ မရှိရအောင် နယ်စပ်တလျှောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB၊ ကမ်းခြေ စောင့်တပ်တို့ ကို နိုးနိုးကြားကြားအသင့်အနေအထား ရှိကြရန် လည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲတွေ များပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပြီးဇူလိုင်လ(၄)ရက် အရုဏ်တက်ချိန်မှစ၍ နယ်စပ်ဒေသ မောင်တောမြို့အနီး တစ်ဝိုက်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီးများ ကျယ်လောင်စွာ ထွက်ပေါ်လာမှုနှင့်အတူ နယ်စပ်ဒေသတစ်ခုလုံး တုန်ခါသွားခဲ့ရသည်ဟု သတင်းတွင်ဖော်ပြသည်။

“ရက်အနည်းငယ်ကြာပြီးတဲ့နောက် ၊ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွား လာခဲ့ပါတယ်။ အဲဒီမောင်တောဒေသမှာ နေထိုင်နေ ကြတဲ့သူတွေဟာ သူတို့ရဲ့ ရွာတွေကို စွန့်ခွာပြီး ဒီဘက်ခြမ်းကို ထွက်ပြေးလာ ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်တွေလည်း ဘင်္ဂလားဒေ့ရှ် နယ်မြေထဲ ဝင်ရောက်လာဖို့ ကြိုးစားနေတယ်လို့လည်း ကြားထားပါတယ်"ဟု တက်ကနက် ညဒေသခံမိုဟာမက်ကာဒါ က ပြောဆိုသည်။

နယ်စပ် တစ်လျှောက် မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိနေသော်လည်း ဇူလိုင်လ(၄)ရက် နံနက်ခင်း မှ စတင်ကာ မွန်းလွဲပိုင်းအချိန်ထိ ပေါက်ကွဲမှု များ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

ရခိုင်တော်လှန်ရေးတပ်ဖွဲ့များသည် မောင်တောမြို့ကို သိမ်းပိုက်ရန် အရှိန်အဟုန်ဖြင့် ထိုးစစ် ဆင်နေသည့်အတွက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပေါက်ကွဲသံများကို တက်ကနက်မြို့နယ် ဆားပြင် တိုက်နယ်နှင့် စိန့်မာတင်ကျွန်းတောင်ပိုင်း တို့မှ ကြားနေရ သည်ဟု ဆိုသည်။

နယ်စပ်အနီး ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခသည် သိသိသာသာ မြင့်တက် လာနေကြောင်းတက်ကနက် မြို့တော်ဝန် မူဂျီဘာရာမန်က အတည်ပြုပြော ဆိုသည်။

“ပစ်ခတ်သံတွေက နယ်စပ်ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်။ ဒါပေမယ့် အချို့က တော့ ဒါဟာ ပုံမှန်ဖြစ်နေတာဘဲဆိုပြီးကျင့်သားရလာကြတယ်။ နယ်စပ်အနီးမှာ နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ စစ်ဆေးမှုတွေလုပ် နေပါတယ်” ဟု ၄င်းကဆက်လက်ပြောဆိုသည်။

နယ်စပ်တွင် နေထိုင်သူဒေသခံများသည် ကျယ်လောင်သည့် ပစ်ခတ်သံများကိုကြားခဲ့ရကြောင်း အတည်ပြုခဲ့ပြီး မည်သည့်အခြေအနေမျိုးကို မဆို ကိုင်တွယ်ဖြေရှင်းရန် အတွက် ဥပဒေ စိုးမိုးရေး ပြင်ဆင်ထားကြောင်း တက်ကနက်မြို့နယ် အုပ်ချုပ်ရေးအရာရှိ ဖြစ်သူ Md Adnan Chowdhury က ပြောဆိုသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်( BGB )နှင့် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက် တရားမ၀င် ကျူးကျော်ဝင်ရောက်လာမှုကို တားဆီးဟန့်တားရန်အတွက် နိုးနိုးကြားကြား ရှိနေကြောင်း ၄င်းကထပ်လောင်းပြောဆိုခဲ့သည်။

Source/ Dhaka Tribune

ဆက်စပ် သတင်းများ