(ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19)အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီး၇မိ မန္တလေး PDF သတင်းထုတ်ပြန်)
နိရဉ္စရာ၊ ဇူလိုင် ၈/ ၂၀၂၄
မန္တလေး စဉ့်ကူးမြို့နယ်အတွင်းရှိ နောက်ထပ် စခန်း ၅ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် သိမ်းပိုက်လိုက်သဖြင့်၎င်းမြို့နယ် တစ်ခုတည်းတွင် သိမ်းပိုက်ရရှိသော စခန်းမှာ (၁၁) ခုထိ ရှိလာပြီဖြစ်ကြောင်းသတင်းရရှိသည်။
စစ်ဦးစီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဇူလိုင် ၈ ရက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက်တပ်စခန်း ၊ ကန်တောင်တပ်စခန်းနှင့်ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။
သို့အတွက် စဉ့်ကူးမြို့နယ်အတွင်း ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း(၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ ရှိခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
၎င်းအပြင် စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး ဒုတိယဗိုလ်မှူးကြီးလှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စဉ့်ကူးစစ်ဆင်ရေးအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်း အထုပ်များအပါအဝင်အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်း၇မိခဲ့သည်ဟု ဆိုသည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိဟု ဖော်ပြထားသည်။ ဓာတ်ပုံ-စစ်ဦးစီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)