တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခု တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း TNLA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 678

(နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား)

နိရဉ္စရာ၊ ဇူလိုင် ၉/၂၀၂၄

ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား လျက်ရှိသော စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် မိုးမိတ်မြို့နယ်က လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် ဇူလိုင် ၈ ရက်  နံနက် (၄း၄၄)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ဒုံးတပ် (၆၀၆) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

သီပေါမြို့နယ် သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် (၁၀:၂၀)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ မိုးကုတ်မြို့နယ် မိုင်တိုင် (၅) နှင့် အိုက်ဆောင်တောင်အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားရာ (၅)မိုင်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ Jet Fighter ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁)စခန်းမှ လက်နက်ကြီးဖြင့် ငြိမ်းချမ်းရေးကုန်းသို့ (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် မိုးမိတ်မြို့အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရွှေဇာလီရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၈) ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြို့အတွင်း စာသင်ကျောင်းသို့  (၁)ကြိမ်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!