တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြန်မာစစ်အုပ်စု၏ ဗရမ်းဗတာ လေကြောင်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန် အမေရိကန်ပြည်ထောင်စုအား လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ဖို့ JFM နှင့် The Sentry တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 738

လူထက်နိုင်( ဒွါယာမြီ)၊နိရဥ္စရာ၊ဇူလိုင် ၁၁ / ၂၀၂၄

မြန်မာပြည်သူလူထု သေကြေ ပျက်စီးမှုကြီးမားသည့် မြန်မာစစ်အုပ်စု၏ ဗရမ်းဗတာ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေနိုင်စွမ်းကို ထိထိရောက်ရောက် ဟန့်တားနိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေး ချမှတ်ပြဌာန်းရန် ဇူလိုင် ၉ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအား Justice For Myanmar (JFM) နှင့် The Sentry တို့က တိုက်တွန်းလိုက်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ရရှိသည့် ယုံကြည်ထိုက်သော ထောက်လှမ်းရေးသတင်း အချက်အလက်များကို အခြေပြုအသုံးချရန်နှင့် ၎င်းတို့ ပြဌာန်းပြီးဖြစ်သည့် ခိုင်မာအားကောင်းသော စည်းမျဉ်းကြီးကြပ်မှုဆိုင်ရာနည်းလမ်းများကို လက်တွေ့အသုံးချရန် တို့ကိုလည်း တောင်းဆိုလိုက်သည်။

The Sentry ၏ တရားမဝင်ငွေကြေးဆိုင်ရာမူဝါဒ ဒါရိုက်တာ Oliver Windridge က “အမေရိကန် ဘဏ္ဍာရေ းဌာနက မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူဆောင်ရွက်ဖို့ စည်းမျဉ်းကြီးကြပ်မှုဆိုင်ရာ လက်နက်တွေ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ Amnesty International အဖွဲ့က ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်၊ ၎င်းတို့က မြန်မာနိုင်ငံကို မရဏကုန်စည်တွေ ဘယ်လို ဆက်လက် ပေးပို့နေတယ်ဆိုတဲ့ ယုံကြည်ထိုက်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ နှစ်ကြိမ်တိုင် ပေးအပ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဌာနအနေနဲ့ ဟန်ရေးပြသက်သက်မဟုတ် တကယ် အဟုတ်လုပ်တယ် ဆိုတာကို ပြသဖို့ မြန်မာစစ်အုပ်စုလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရပါမယ်။ ဒီလိုအရေးယူဆောင်ရွက်မှု တွေက စစ်အုပ်စုရဲ့ လေတပ်ဌာနချုပ်တွေထံ လေယာဉ်ဆီပေးပို့နေတဲ့ ထောက်ပံ့ရေး ကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး၊ နိုင်ငံတကာ လူပုဂ္ဂိုလ်တွေကိုလည်း ဒီလူသတ်ထောက်ပံ့မှုကွင်းဆက်မှာ ပါဝင်မှုကနေ ဟန့်တားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုအပေါ်ပစ်မှတ်ထားသည့် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်လိုက်သည့် အရေးယူမှုဆိုင်ရာ အစီအမံများအပေါ် ကျွန်ုပ်တို့ ကြိုဆိုပါသည်။

အထူးသဖြင့် မြန်မာနိုင်ငံစီပွားရေး၏ လေယာဉ်ဆီကဏ္ဍတွင် လုပ်ကိုင်ရန် ဆုံးဖြတ်သည့် မည်သည့် ပြည်ပလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခွင့်ပြုထားသည့် လေယာဉ်ဆီကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်မှုအပေါ် ကြိုဆိုသည်။

အဆိုပါဆုံးဖြတ်ချက်နှင့်အတူ လမ်းညွှန်ချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။ ယင်းလမ်းညွှန်ချက်တွင် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာန၏ ပြည်ပပိုင်ဆိုင်မှုပစ္စည်းများ ထိန်းချုပ်ရေးဌာနအနေဖြင့် “မြန်မာနိုင်ငံအတွင်းရှိ စစ်အုပ်စုလက်ဝယ်အသုံးပြုမှုများအတွက် သို့မဟုတ် ယင်းနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ပစ်မှတ်ထားရန် ရည်ရွယ်ကြောင်း ရှင်းလင်းထားသည်။

ယင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး တစ်နှစ်နီးပါးကြားမြင့်လာသည့် ယနေ့အချိန်အထိ မည်သည့်လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တစ်ခုကိုမျှ ချမှတ်ထားခြင်း မရှိသေးပေ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် Amnesty International က အမေရိကန်ပြည်ထောင်စု ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရောင်းချမှု ပမာဏတိုးလာပုံကို ဖော်ထုတ်ရေးသားထား သည်။ အဆိုပါအစီရင်ခံစာတွင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် ရည်ရွယ်သည့် ကြားဖြတ်တင်ပို့ရောင်း ချပေးသည့် အဓိကအဖွဲ့အစည်းနှစ်ခုကို ဖော်ပြထားခဲ့သည်။

ယင်းအဖွဲ့အစည်းနှစ်ခုမှာ တရုတ်အလံတင်သင်္ဘော HUITONG78 နှင့် ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်သည့် ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ဖြစ်သည်။

ဇူလိုင် ၉ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် HUITONG78 နှင့် Hai Linh Co. Ltd တို့၏ ဆက်လက်ပါဝင်ပတ် သက်မှုများနှင့်အတူ မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီတင်ပို့မှုများ ဆက်လက် ရှိနေပုံ နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ (Amnesty International) က အသေးစိတ် ဖော်ပြထားပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က  “စစ်တပ်ရဲ့ တရားမဝင်အာဏာ သိမ်းကြိုးပမ်းမှု ၃ နှစ်ကျော်ကြာကာလ ရောက်ရှိလာချိန်မှာ စစ်အုပ်စုကတော့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေဆဲပါပဲ။ သူတို့တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း ကင်းလွတ်စွာနဲ့ ကျူးလွန်နေကြတာပါ။ စစ်အုပ်စုက ခုခံတော်လှန်ရေးအင်အားစုတွေဆီမှာ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးလာတာနဲ့အမျှ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အကြီးအကျယ် ပိုမိုမှီခိုလာရပြီး၊ ဒီလိုဗရမ်းဗတာ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးခြင်း၊ စာသင်ကျောင်း၊ ကျန်းမာရေး ဆိုင်ရာအဆောက်အအုံနဲ့ လူနေကျေးရွာတွေကို ဖျက်ဆီးခံရခြင်း၊ လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်းတွေကို ဖြစ်စေခဲ့ပါတယ်။ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်ကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာအရေးယူ ဆောင်ရွက်မှုတွေ ကင်းမဲ့ နေခြင်းကြောင့်လည်း ဒီလိုရာဇဝတ်မှုတွေ ဆက်လက်ရှိနေတာပါ။ အမေရိကန်ပြည်ထောင်စု အနေနဲ့ စစ်အုပ်စုရဲ့ လေယာဉ်ဆီရရှိနေမှုကို ဖြတ်တောက်နိုင်ရေး အရေးယူဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ HUITONG78၊ Hai Linh Co. Ltd. နဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေကို အားပေးကူညီနေတဲ့ အခြားသော ကုမ္ပဏီ အားလုံး အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်းကဲ့သို့သော ပြတ်သားတဲ့အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ” ဟု ပြောကြားခဲ့သည်။

စစ်အုပ်စု၏ မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်သည့် ဝေဟင်စစ်ဆင်ရေးများ တနေ့တခြား ပိုမိုပြင်းထန်လာနေသဖြင့်၊ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနအနေဖြင့် ၎င်း၏ လေယာဉ်ဆီဆိုင်ရာ ဆုံးဖြတ်ချက်ကို လက်တွေ့စတင်အသုံးပြုကာ တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်သည့် ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. နှင့် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်ပတ်သက်နေသည့် အခြားသောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တိုက်တွန်းထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!