Preview

လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်း အတည်ပြုချမှတ်ခဲ့ခြင်း အပေါ် စစ်ကောင်စီက ကန့်ကွက်

ဇူလိုင် ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :5895
ပြည်တွင်း သတင်း

(AA ၏ တိုက်ခိုက်မှုကြောင့် ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်အား အဟန့်အတားဖြစ်စေပြီး အေအေ၏တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သား ၂၀၀ နီးပါးအသက်ဆုံးရှုံးခဲ့ဟု စွပ်စွဲဖော်ပြထား)

နိရဉ္စရာ၊ ဇူလိုင် ၁၄/၂၀၂၄

လူ့အခွင့်အရေးကောင်စီ၏(၅၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုမူကြမ်း အတည်ပြုချမှတ်ခဲ့ခြင်းအပေါ် စစ်ကောင်စီကကန့်ကွက်ခဲ့သည်။

ထိုသို့ ကန့်ကွက်ရာ တွင်  အာရက္ခတပ်တော် (AA)၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီထားသည့်နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်အား အဟန့်အတားဖြစ်စေကြောင်း၊ အေအေ၏ တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သား၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ဟု စွပ်စွဲ ရေးသားဖော်ပြထားသည်။

ဂျီနီဗာမြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဇူလိုင် ၁၁ ရက်နေ့က ကန့်ကွက်စာ ရေးသား ပေးပို့ရာတွင် “ရခိုင်ပြည်နယ်တွင်အေအေ အဖွဲ့မှ ပြည်သူများအား သတ်ဖြတ်ခြင်းနှင့် သေကြေ ထိခိုက်စေခြင်းတို့ကြောင့်မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြားသဘောတူညီထားသည့် နေရပ်ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်အား အဟန့်အတား ဖြစ်စေခဲ့ကြောင်း၊ အေအေ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၂၀၀နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့်နယ်စပ်ဒေသများ၌ တန်ပြန်တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း၊  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ဆန္ဒအလျောက် စာရင်းပေးသူများဖြင့် သင်တန်းအပတ်စဉ်နှစ်ခုကိုလေ့ကျင့်သင်ကြားပေးလျက်ရှိပြီး၊ တပ်မတော်မှ စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းနေသည်ဟူသောစွပ်စွဲချက်မှာမှန်ကန်မှု မရှိကြောင်း စသဖြင့်လည်းရေးသား ဖော်ပြထားသည်။

ဆုံးဖြတ်ချက်အဆိုတွင်ပါဝင်သည့် အချက်များသည် မြေပြင်အခြေအနေကို ထင်ဟပ်ခြင်း မရှိရုံသာမက နိုင်ငံတော်၏လုံခြုံရေးတပ်ဖွဲ့များအပေါ် အထောက်အထားမဲ့ စွပ်စွဲချက်များဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်စိစစ်အတည်ပြုပြီးသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေး အတွက် ခိုင်မာစွာ ကတိကဝတ်ပြုထားသော်လည်းဥပဒေအရနှင့် နိုင်ငံ၏ သမိုင်း အထောက်အထား များတွင် မည်သည့်အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည့်အသုံးအနှုန်းကို အသိအမှတ်မပြုသကဲ့သို့ဆုံးဖြတ်ချက်အဆိုတွင်ပါရှိသည့် နေရပ်စွန့်ခွာသူအရေအတွက် ဖော်ပြသည့်ကိန်းဂဏန်းများကိုလည်း သဘောတူလက်ခံခြင်း မရှိပါဟု ဖော်ပြသည်။

မြန်မာနိုင်ငံအနေဖြင့်အမုန်းစကားတိုက်ဖျက်ရေးကို အထူးအလေးထားသည်ဖြစ်ရာ အသိပညာပေးမှုများကိုနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင်၊ သတင်းအချက်အလက် များအားအချိန်နှင့်တပြေးညီ ပြည်သူလူထုထံသို့ ပေးပို့လျက်ရှိကြောင်း၊  ပြည်ပရှိ မီဒီယာများနှင့် အေအေ အပါအဝင်လက်နက်ကိုင်အဖွဲ့များ၏ သတင်းမှားများနှင့် လုပ်ကြံသတင်းများဖြင့်လှုံ့ဆော်မှုများကို အချို့သော လူမှုကွန်ရက်များတွင် လွှင့်တင်လျက်ရှိကြောင်း ဖော်ပြသည်။

ကုလလူ့အခွင့်အရေးကောင်စီ၏  ဆုံးဖြတ်ချက်အဆိုတွင် အမုန်းစကားဖြစ်စေနိုင်သည့် ဘာသာရေးဆိုင်ရာ အသုံးအနှုန်းများ ပါဝင်သည့်အပေါ်မြန်မာနိုင်ငံ၏ စိုးရိမ်မှုကို ထပ်လောင်းဖော်ပြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည်ကုလသမဂ္ဂအေဂျင်စီများ၏ ကွင်းဆင်းလေ့လာမှုများနှင့် ခရီးသွားလာမှုများအားလုံခြုံရေးအခြေအနေပေါ်မူတည်၍ ခွင့်ပြုပေးလျက်ရှိသည်။ ၎င်းတို့၏ မေတ္တာရပ်ခံချက်အရကုလသမဂ္ဂ၏ နိုင်ငံတကာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များရွှေ့ပြောင်းရာတွင်လည်း အစိုးရက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့သွားရောက်နိုင်ခြင်းမရှိသည့် ကိစ္စသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကြောင့်သာဖြစ်ပြီး၊ ဆုံးဖြတ်ချက်အဆိုတွင် ပါဝင်သောစွပ်စွဲချက်များသည် အဖြစ်မှန်နှင့် များစွာသွေဖယ်လျက်ရှိသည်။

မြေပြင်အခြေအနေတိုးတက်နေသော်လည်း ဆုံးဖြတ်ချက်အဆို၏ စာသားများက ပေါင်းစပ် အပြန်အလှန်ဆွေးနွေးပွဲ(Enhanced Interactive Dialogue-EID) နှစ်ခုနှင့် အပြန်အလှန်ဆွေးနွေးပွဲ တစ်ခုတို့ကို ၂၀၂၆ ခုနှစ်၊စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ရေးအတွက် ဖန်တီးခဲ့သည်။ ယင်းသည် ကုလသမဂ္ဂ၏ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံနေရသည့်ကာလတွင် လူ့အခွင့်အရေးကောင်စီ၏လုပ်ငန်းများကို ပိုမိုထိခိုက်စေသည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်အဆိုကလည်း၂၀၂၅ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွက် သီးသန့်အပြန်အလှန်ဆွေးနွေးပွဲ (၄) ခုပြုလုပ်ရန် ဖန်တီးခဲ့သည်။ ယင်းသည် မလိုလားအပ်သည့် လုပ်ငန်းတာဝန်များအား ထပ်တလဲလဲပြုလုပ်နေသည်ကို သိသာစွာ ပြသနေခြင်းဖြစ်သည်။

အထက်ဖော်ပြပါအချက်များအပြင်အဆိုပါဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး၊အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအပေါ် ဩဇာပေးချုပ်ကိုင်နေ ခြင်းဖြစ်သည်ဟုဖော်ပြသည်။

သို့ပါ၍မြန်မာနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်အဆိုအမှတ် A/HRC/L.18/rev.1 တစ်ခုလုံး အားပြင်းထန်စွာ ကန့်ကွက်ပြီး၊ ယင်းဆုံးဖြတ်ချက်အဆိုအား အတည်ပြုချမှတ်ခဲ့ခြင်းအပေါ်ပါဝင် ပတ်သက်မှု မပြုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ်ဉီးတည်သော ဆုံးဖြတ်ချက်အဆိုများကို ဆန့်ကျင်သည့် အခြေခံမူများကိုမြဲမြံစွာစွဲကိုင်ထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနှင့်ကျန်နိုင်ငံများကိုလည်း အလားတူ ဆောင်ရွက်ရန် တောင်းဆိုကြောင်းစသဖြင့် ဖော်ပြထားသည်။

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.