ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း အမေရိကန်၊ယူကေနှင့် အီးယူမှ(၂၇)နိုင်ငံအပါအ၀င် နိုင်ငံပေါင်း(၃၈)နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 743

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၆/၂၀၂၄

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမို ဆိုးရွား လာခြင်းနှင့်ပတ်သက်ပြီးအမေရိကန်၊ယူကေနှင့် အီးယူမှ(၂၇)နိုင်ငံအပါအ၀င်နိုင်ငံပေါင်း(၃၈)နိုင်ငံကအထူးစိုးရိမ်ပူပန်ကြောင်း ဇူလိုင်၁၅ရက်က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

အယ်လ်ဘေးနီးယား၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တူရကီ၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်း၊ ယူကရိန်း နှင့် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်သမ္မတနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မော်လ်တာ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ စပိန်နှင့် ဆွီဒင် တို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းနှင့် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်မှု များကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများ ပိုမိုဖြစ်ပွားလာနေမှုများ အပေါ်တွင်အလွန် စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာစစ်အစိုးရက ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများ (IDP) အများစု ဖြစ်သည့် ရိုဟင်ဂျာ များကို လူသားဒိုင်းများအဖြစ် အသုံးပြုရန် တမင်တကာ လုပ်ဆောင်နေသည်ဟု မကြာသေးမီက ထုတ်ပြန်ချက်များအရသိရပြီး၊ စစ်အစိုးရက IDP စခန်းများတဝိုက်တွင် မြေမြှုပ်မိုင်းများချထားကြောင်း ဖော်ပြထားသည့် အစီရင်ခံစာများကြောင့် ကျွန်ုပ်တို့ အထူးစိုးရိမ်မိပါသည်ဟု ဆိုသည်။

အထူးသဖြင့် မြန်မာစစ်တပ် မှ တိုင်းရင်းသားလူနည်းစုများဖြစ်သည့် ကလေးသူငယ်များအပါအဝင် လူနည်းစုများအား အတင်းအကြပ် စစ်သားများအဖြစ် စုဆောင်း ခေါ်ယူ နေမှုများရှိနေကြောင်း ခိုင်လုံသော အစီရင်ခံစာများလည်းရ ရှိထားပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်း သည် လူ့အဖွဲ့အစည်း အချင်းချင်းအကြား တင်းမာမှုများကို ပိုမိုဖြစ်ပေါ်စေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ဖြစ်သည်ဟုဆိုသည်။

အထူးသဖြင့် အရပ်သားပြည်သူများနှင့် အရပ်ဘက်သုံးဆိုင်ရာပစ္စည်းဥစ္စာ များကို ခွဲခြား ခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဆောက်အဦးများကို တိုက်ခိုက်ခြင်း များ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံးအပေါ် လုံး၀လက်ခံနိုင်စရာမရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလတွင် စစ်အစိုးရက အကြမ်းဖက် အာဏာသိမ်းပြီးကတည်းက ယနေ့ချိန်ထိ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသော လူဦးရေသည်( ၁)သန်းမှ (၁၈.၆ )သန်းအထိ တိုးလာခဲ့သည်။ အိမ်နီးနားချင်းနိုင်ငံများတွင်မှာ ခိုလှုံသူ ၆၆,၀၀၀ အပါအဝင် လူပေါင်း (၂.၉)သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အမျိုးသမီးများ၊ ကလေးငယ်များ၊ တိုင်းရင်းသားများနှင့် အခြားလူနည်းစုဝင်များ အပါအဝင် လူသားချင်း စာနာထောက်ထား မှုအကူအညီများလိုအပ်နေသူအားလုံးထံ လျင်မြန်၊ လုံခြုံပြီး အဟန့်အတားမရှိ အပြည့်အဝပေးအပ်နိုင်မည့် အခွင့်အလမ်းရရှိရေးကိုလည်း ထပ်လောင်း တောင်းဆိုပါသည်ဟုဆိုသည်။

အထူးသဖြင့် မြန်မာစစ်တပ်နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို အကြမ်းဖက်မှုများ အရှိန် လျှော့ချရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေ များကို လေးစားလိုက်နာကြရန်နှင့် အရပ်သားများကို အကာအကွယ်ပေးရန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)၏ ဆုံးဖြတ်ချက် 2669 (2022) ကို လည်းအပြည့်အဝ အကောင်အထည် ဖော်ရန် တောင်းဆိုမှုကိုလည်းအမှတ်ရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံ၏ အခန်းကဏ္ဍနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ အထူးသံတမန်အဖြစ် Julie Bishop ခန့်အပ်ခြင်းအတွက်လည်း အပြည့်အဝ ထောက်ခံကြောင်း မြန်မာနိုင်ငံတည်ငြိမ်းအေးချမ်း ရေးအတွက်အဖြေကို ရှာဖွေရန် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံ ဆွေးနွေးမှုများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ကျွန်ုပ်တို့က ထပ်လောင်း တောင်းဆိုပါသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ