နိရဉ္စရာ၊ ဇူလိုင် ၁၇/ ၂၀၂၄
စစ်ကောင်စီတပ်ထဲမှ လက်နက်ချအလင်းဝင်လာသူများအား ကျပ်သိန်း (၁၀) မှ ကျပ်သိန်းပေါင်း (၁၀၀၀၀) အထိ ချီးမြှင့်မည့်အစီအစဉ်ကို ကိုးကန့် MNDAA က ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
အလင်းဝင်လာသူများအား ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စစ်သည်များ အလင်းဝင်လာသူအတွက် ငွေကျပ် ၁၀သိန်းဖြစ်ပြီး လက်နက်နှင့် တကွ အလင်းဝင်လာသူ အတွက် ငွေကျပ်၁၅သိန်းချီးမြှင့်ပေးမည်ဖြစ်သည်။
ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ် ၂၀ သိန်းဖြစ်ပြီး လက်နက်နှင့် တကွ အလင်းဝင်လာသူ ဖြစ်ပါက ငွေကျပ် ၂၅သိန်းချီးမြှင့်ပေးမည်ဖြစ်သည်။
ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦး အလင်းဝင်လာပါက ငွေကျပ် ၃၀ သိန်းနှင့် လက်နက် အတူ ပါလာပါက ငွေကျပ်၃၅သိန်းချီးမြှင့်ပေးမည်ဖြစ်သည်။
၎င်းပြင် ဖက်စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကို ဝါဒဖြန့်ခြင်း၊ စည်းရုံးခြင်း ဖြင့် အလင်းဝင်သူ ရှိလာပါက ဆောင်ရွက်ပေးသူတို့အားထပ်မံ၍ ဆုငွေချီးမြှင့်ပေးမည် ဖြစ်ပါသည်ဟု ဆိုသည်။
လက်နက်ကြီးများ ကိုင်ဆောင် သို့မဟုတ် သယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ မိမိ၏တပ်စခန်းရှိလက်နက်ကြီးများကို အာဏာသိမ်း လက်နက်ကိုင်အဖွဲ့ အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်ပြီး အလင်းဝင်လာသူများအားလည်း ဆုငွေများချီးမြှင့်သွားမည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းလက်ကြီးများနှင့် သက်ဆိုင်သည့် ဆုချီးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖော်ပြထားသည်။
(၁၂.ရ) မမ နှင့် အထက်ရှိ စက်သေနတ်များကို ဆုငွေ ကျပ် ၅၀ သိန်း ချီးမြှင့်မည်ဖြစ်ပြီး (၁၀၀) မမ နှင့်အထက်ရှိ အမြောက်များကို ဆုငွေ ကျပ် ၁၀၀ သိန်း ချီးမြှင့်မည်ဖြစ်သည်။
သံချပ်ကာ၊ တင့်ကား နှင့် အခြားကုန်းလမ်းသုံး အကြီးစားစစ်ရေးကိရိယာများကိုဆုငွေ ကျပ် ၁၀၀၀ သိန်း ချီးမြှင့်မည်ဖြစ်သည်။
ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နှင့်အခြားလေယာဉ်အမျိုးအစားများကို ဖျက်ဆီးသူများအား ဆုငွေ ကျပ် ၁၀၀၀၀ သိန်းချီးမြှင့်ပါမည်ဟု ဖော်ပြထားသည်။
မိမိ၏အထက်အရာရှိကို ထိန်းချုပ်(လုပ်ကြံပြီး) အလင်းဝင်လာသူကိုဆုငွေ ကျပ် ၁၀၀ သိန်း ချီးမြှင့်ပါမည်။
ဆက်သွယ်ရန်- (က) ကိုအောင် ၊ Telegram - + ၉၄ (ရ၇) ၆၃၈၁၃၈၉Vibey +22662 Wechat - zhangjun12208 (ခ) ဇော်နိုင် ၊ Phone- ၀၉၈၈၄၃၆၀၅၄၇ ဖြစ်ကြောင်း ဖော်ပြထားသည်။