တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာ လုပ်သား ၈၀,၀၀၀ ကျော် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 671

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၄

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ အလုပ်သမား တစ်သိန်းကျော်ကို ဖမ်းဆီးခဲ့ရာ ၈၀,၀၀၀ ကျော် မှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း  Thaiger သတင်းက ဖော်ပြသည်။

လွန်ခဲ့သည့် ၃၆ ရက်ကာလအတွင်း အထောက်အထားမဲ့နိုင်ငံခြားသား လုပ်သား ၁၀၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့သည်။

အထောက်အထားမဲ့ အလုပ်သမားများကိုဖမ်းဆီးသည့်စစ်ဆင်ရေး ကို ဇွန်လ ၅ ရက်နေ့တွင် စတင်ခဲ့ခြင်းပြီး ထိုင်း နိုင်ငံတဝှမ်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း များတွင် လုပ်ကိုင် နေကြသည့် အလုပ်သမားများကို ပစ်မှတ်ထားပြီးစစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ ရာ မြန်မာနိုင်ငံသား လုပ်သား ၈၀,၀၀၀ ကျော် အပါအ၀င် အထောက်အထားမဲ့ အလုပ်သမား တစ်သိန်းကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလုပ်အကိုင်ဌာန ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ပါ၀င်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များသည် ဘန်ကောက်၊ Huai Khwang ရှိ ဈေးဆိုင်များ၊ ရတ်ချဘူရီရှိ အုန်းသီးစက်ရုံများ၊ Udon Thani ရှိ စားသောက်ဆိုင်များနှင့် Chachoengsao ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များကဲ့သို့သော နေရာများသို့ သွားရောက်စစ်ဆေးမှုများပြုလုပ် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဖမ်းဆီးခံရသူအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး (၈၀,၉၁၃)ဦး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသည့် အခြားနိုင်ငံသားများမှာ ကမ္ဘောဒီးယား မှ (၁၆,၅၀၇) ဦး၊ လာအို (၇,၈၀၄) ဦး၊ ဗီယက်နမ်လူမျိုး (၁၀၄)ဦး၊ အခြားနိုင်ငံအသီးသီးမှ အလုပ်သမား (၃,၅၄၇) ဦး၊အထောက်အထားမဲ့ အလုပ်သမား စုစုပေါင်း (၁၀၈,၈၇၅) ဦး ဖမ်းဆီးခံခဲ့ရသည်။

ထိုင်းအစိုးရသည် အထောက်အထားမဲ့ အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် တင်းကျပ်သော ပြစ်ဒဏ်များ ချမှတ်ထား သည်။

သက်ဆိုင်သည့်အထောက်အထား စာရွက်စာတမ်း မရှိဘဲ (သို့မဟုတ်) အလုပ်ပါမစ်မရှိဘဲ (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများသည် ဒဏ်ငွေ အဖြစ် ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ပေးဆောင်ရမည်ဟုချမှတ်ထားသည်။

ထို့အပြင် ၎င်းတို့သည်ပြည်နှင်ဒဏ် ခံရမည်ဖြစ်ပြီး   ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ဖြင့် ပြန်လည် ဝင်ရောက်ခွင့် (၂)နှစ်ကြာ ပိတ်ပင်ခံရမည်ဖြစ်သည်။

အထောက်အထားမဲ့ အလုပ်သမားများကို အလုပ်ခန့်ထားမှုဖြင့် ဖမ်းဆီးခံရသည့် အလုပ်ရှင်များသည် ဒဏ်ငွေအဖြစ် အလုပ်သမားတစ်ဦးအတွက် ဘတ်ငွေ ၁၀၀၀၀ မှ ၁၀၀၀၀၀ ကြား ဒဏ်ရိုက်ခံရမည် ဖြစ်သည်။

ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ် ဘတ် ၅၀,၀၀၀ မှ ဘတ် ၂၀၀,၀၀၀ အထိ ချမှတ်နိုင်သည်။  ထို့အပြင် ထပ်မံကျူးလွန်သူများအား ရွှေ့ပြောင်းအလုပ်သမား များအား အလုပ်ခန့်ထားခြင်းကိုလည်း သုံးနှစ်ကြာ ပိတ်ပင်ခံရမည်ဖြစ်သည်ဟုသိရသည်။

 Source/Thaiger

ဆက်စပ် သတင်းများ