Preview

အမ်းမြို့နယ်တွင် ဆရာ ဆရာမ ၇၀ ကျော် တာဝန်မှ ရပ်ဆိုင်းခံရ(တောင်ကုတ်မြို့နယ်တွင်လည်း တာဝန်ပျက်ကွက်နေသည့် ပညာရေးဝန်ထမ်းများကို စာရင်း ကောက်ယူနေ)

ဇူလိုင် ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :1304
ပြည်တွင်း သတင်း

သင်ဇာနွယ်၊ ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ ဇူလိုင် ၂၁/ ၂၀၂၄

တိုက်ပွဲများဖြစ်ပွားနေ၍ ကျောင်းများတွင် တာဝန်မထမ်းဆောင်နိုင်ဘဲဖြစ်နေကြသည့်အမ်းမြို့နယ်မှ ဆရာ ဆရာမ ၇၀ ကျော်ကို စစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။

ကျောင်းဆရာမ တစ်ဦးက“ အဓိကနယ်ဖက်ကဆရာ ဆရာမတွေ တာဝန်ရပ်ဆိုင်းခြင်း ခံလိုက်ရတာပါ။ ဘာလို့လဲ ဆိုတော့ဒီနှစ် ကျောင်းဖွင့်ကတည်းကနယ်မှာကျောင်းတွေက မဖွင့်ဘူးလေ။ဆရာ ဆရာမ တွေကလည်း စစ်ဘေးရှောင်တဲ့ သူကရှောင်၊ တိုက်ပွဲတွေကလည်း ပြင်းထန်နေတော့ကျောင်းမတက်ကြဘူး။  ဒါကြောင့် တာဝန်က ရပ်ဆိုင်း ခံလိုက်ရပါတယ်” ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

အဆိုပါတာဝန်မှ ရပ်ဆိုင်းကြောင်းကြေညာချက်ကို  ပြည်နယ် ပညာရေးမှူးဦးဘထွီးစိန်လက်မှတ်ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု၄င်းကပြောသည်။

“ပထမတစ်ကြိမ်ကျောင်းတွေ စမဖွင့်ခင်မြို့နယ်ပညာရေးမှူးက ဆရာ ဆရာတွေကိုမေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီးသက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းအပ်လက်ခံဖို့လာကြဖို့ညွှန်ကြားခဲ့တယ်။ဒါပေမယ့် နယ်ဖက်တွေမှာ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ ဘယ်ဆရာ ဆရာမကမှ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့အချိန်မှာ ကျောင်းမသွားသလို ဘယ်မိဘကမှလည်း သားသမီးကိုစာသင်ကျောင်းကိုမလွတ်ဘူးလေ။သူတို့သတ်မှတ်ထားသလို ကျောင်းတွေမတက်တော့ဒီလို တာဝန်က ရပ်ဆိုင်းကြောင်း ပြည်နယ်ပညာရေးမှူးလက်မှတ်နဲ့ စာထုတ် ပြန်ခဲ့တယ်”ဟုပြောသည်။

တာဝန်ရပ်ဆိုင်းခံလိုက်ရသည့်ပညာရေးဝန်ထမ်း ဆရာ ဆရာမ အများစုမှာ မူ နှင့်လယ်တန်းပြ ဆရာ ဆရာမများဖြစ်ကြသည်။

စာသင်ကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် ညွှန်ကြားသော်လည်း တိုက်ပွဲများကြောင့် မသွားရောက်နိုင်၍ တာဝန်၊ ရာထူးမှရပ်ဆိုင်းခြင်းခံရခြင်းကြောင့် လည်း စိတ်မကောင်းဖြစ်မိသည်ဟု အမ်းမြို့နယ်မှ အလယ်တန်းပြ ကျောင်းဆရာ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“လစာကတိုက်ပွဲကဖြစ်ကတည်းကမရတာ။ ကျောင်းဖွင့်တယ်ဆိုရင်လည်း သူတို့ဘက်က မြို့နယ်၊ ပြည်နယ်နဲ့ သက်ဆိုင်ရာတွေက တာဝန်ယူမှု တစုံတရာရှိတာလည်းမဟုတ်ဘူး။အကြောင်းမရှိအကြောင်းရှာပြီး တာဝန်ကရပ်နားခံလိုက်ရတာကတော့စိတ်မကောင်းစရာပဲပေါ့” ဟုပြောသည်။



အမ်းတိုက်ပွဲမြို့နယ်တွင် တိုက်ပွဲများကြောင့်  စစ်ကောင်စီဝန်ထမ်းများအား  မြို့ပြင်သို့ထွက်သွားခွင့်ကို စစ်ကောင်စီမှ ခွင့်မပြုတော့ဘဲ ပိတ်ပင်ထားကြောင်းပညာရေးဝန်ထမ်းများကပြောသည်။

အမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၁၈) ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၃)ကျောင်းစုစုပေါင်း(၂၂၃)ကျောင်းရှိကြောင်း သိရှိ၇သည်။

အလားတူ တောင်ကကုတ်မြို့နယ်တွင်လည်း တာဝန်မထမ်းဆောင်နိုင်ဘဲ ပျက်ကွက်နေသည့် ဆရာ ဆရာမများ၏ စာရင်းကို ကောက်ယူပြီး လစာရပ်ဆိုင်းရန် စီစဉ်နေသည်ဟု တောင်ကုတ်မြို့နယ် ပညာရေးဌာမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

" အခုအချိန်ထိတော့ ကျွန်တော်တို့စာရင်းကောက်ယူနေဆဲဖြစ်တယ်။ ကျောင်းအုပ်ကြီးတွေကတဆင့် ပျက်ကွက်စာရင်းကိုကောက်နေတယ်။ ဒီလကုန်လောက်မှသိနိုင်မယ်" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဇူလိုင်လအကုန်လောက်တွင်ပျက်ကွက်စာရင်းများကိုသိနိုင်မည်ဖြစ်ပြီး ပျက်ကွက်သည့် ဆရာဆရာမများကို အထက်မှ ညွှန်ကြားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းသူကပြောသည်။

" စာရင်းတွေရတဲ့အခါမှအထက်ကညွှန်ကြားချက်အတိုင်းဆက်လုပ်သွား၇မယ်ဗျ" ဟု ၎င်းက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်အတွင်းမှပညာရေးဝန်ထမ်းများမှာ ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်လက်ရှိဒေသအခြေအနေမတည်ငြိမ်မှုများကြောင့် စစ်ဘေးရှောင်နေကြရပြီး တာဝန်ကျရာ ကျောင်းများသို့ ပြန်မလာနိုင်သူအများအပြားရှိနေသည်ဟု သိ၇သည်။

စစ်ကောင်စီအနေဖြင့်အဆိုပါစစ်ဘေးရှောင်နေကြရသည့် ပညာရေးဝန်ထမ်းများကိုပါ အကြပ်ကိုင်၍အတင်းကျောင်းတက်ခိုင်းနေကာ ပျက်ကွက်သူများကိုလစာရပ်ဆိုင်းရန်စီစဉ် နေခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ်မှမူလတန်းပြကျောင်းဆရာတစ်ဦးကပြောသည်။

" အခုဇူလိုင်လ၂၁ ရက်နေ့အထိ ကျောင်းမတက်ရင်လစာ ရပ်ဆိုင်းပစ်မယ်လို့ပြောတယ်။အခုက ကျောင်းမတက်နိုင်တဲ့အထဲမှာ မိသားစုနဲ့အတူပြေးသွားရတဲ့ စစ်ဘေးရှောင် ကင်းကွာ ဆရာ ဆရာမတွေလည်း ရှိနေတယ်။သူတို့ကပြန်လာဖို့ဆိုတဲ့ကိစ္စကလည်းမလွယ်ဘူးလေ။ ဒေသအခြေအနေကလည်း ဘယ်နေ့မှာ ဘာထဖြစ်မယ်ဆိုတာမပြောနိုင်ဘူး" ဟုနိရဥ္စရာသတင်းဌာနသို့ပြောသည်။

ထိုသို့ တာဝန်မှ ရပ်ဆိုင်းခြင်း၊ လစာများ ရပ်ဆိုင်းခံရခြင်းကြောင်းဆရာ ဆရာမများမှာ များစွာအခက်အခဲဖြစ်နေကြ၇သည်ဟု ပြောဆိုသည်။

လက်ရှိတွင်တောင်ကုတ်မြို့နှင့် ၄၄ မိုင်ခန့်အကွာရှိ သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားရာသံတွဲမြို့ကိုသိမ်းပိုက်ပြီးနောက် စကခ(၅) အခြေစိုက် တောင်ကုတ် မြို့ကိုလည်း အာရက္ခတပ်တော်ကအနှေးနဲ့အမြန် ထိုးစစ်ဆင်လာဖွယ်ရှိသည်ဟု မြို့ခံစစ်ရေးလေ့လာ စောင့်ကြည့်သူများကသုံးသပ်ပြောဆိုကြသည်။

တောင်ကုတ်မြို့မှစစ်ကောင်စီတပ်များထံ ရောက်လာနိုင်မည့် ရိက္ခာစစ်ကူလမ်းကြောင်းများကိုလည်းအာရက္ခတပ်တော်က အဘက်ဘက်မှ ဖြတ်တောက်ပိတ်ဆို့ထားသည်မှာလည်း အနည်းဆုံး ၄လခန့်ထိကြာမြင့်နေပြီဖြစ်ရာ စကခ(၅)ကိုအနှေးနဲ့အမြန်သိမ်းပိုက်လာနိုင်ဖွယ်ရှိကြောင်းလည်း ၄င်းတို့ကသုံးသပ်ကြသည်။

တောင်ကုတ်တက္ကသိုလ်တွင်လည်း လက်နက်ကြီးကျကတည်းဆရာဆရာမများ ထွက်ပြေးသွားရသဖြင့် ကျောင်းကို ပိတ်ထားရသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.