Preview

တောင်အာဖရိကတရားရုံးချုပ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်

ဇူလိုင် ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :690
ပြည်တွင်း သတင်း

(၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ၁၂ သန်းခန့် တန်ဖိုးရှိသည့် စစ်လက်နက်များ တင်ပို့ခဲ)

နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၃

တောင်အာဖရိကတရားရုံးချုပ်ကမြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်းအမိန့်ထုတ်ပြန်လိုက်ကြောင်း JFM ကသတင်းထုတ်ပြန်ချက်အရသိ၇သည်။

တောင်ပိုင်းအာဖရိကတရားရေးစင်တာ(SALC) သည် သမားရိုးကျလက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့် ကော်မတီ(NCACC) ကခွင့်ပြုပေးထားသည့ မြန်မာနိုင်ငံသို့ စစ်လက်နက် လွှဲပြောင်း ရောင်းချမှုများလုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များအားပယ်ဖျက် လိုက်သည့် ပရီတိုးရီးယားမြို့ရှိ၊ ဂါးဒင် (Gauteng) ခရိုင်တရားရုံးချုပ်၏ အမိန့်တစ်ရပ်ကို ဇူလိုင်(၂၁)ရက်က လက်ခံရရှိခဲ့သည်ဟု JFM ဆိုသည်။

SALC သည် တိုင်ကြားချက်ကိုတရားရုံးချုပ်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီးယင်းတိုင်ကြားမှုကို လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများ(LHR)အဖွဲ့ကSALC ကိုကိုယ်စားပြုကာ လျှောက်ထားတင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၇ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ စုစုပေါင်း ရွန်ငွေ ၂၁၅,၇၃၅,၆ရရ(အမေရိကန်ဒေါ်လာ ၁၂ သန်းခန့်) တန်ဖိုးရှိသည့်စစ်လက်နက်များ တင်ပို့ခဲ့သည်။

တရားရုံးချုပ်၏အမိန့်သည် တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ နောင်လက်နက်ရောင်းချမှုမှန်သမျှအတွက် သာမက အခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်များရှိလာမည်ဖြစ်ရာ SALC နှင့် LHR အဖွဲ့တို့နှင့်အတူ မြန်မာနိုင်ငံသို့စစ်လက်နက်ရောင်းချမှုများ ပိတ်ပင်ရေးလုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူအဖွဲ့အစည်း Justice For Myanmar(JFM)က ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားရုံးချုပ်၏အမိန့်တွင် NCACC အနေဖြင့် (၁)ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သောအစိုး၇အပြောင်းအလဲကို လုပ်ဆောင်ထားသည့်၊ (၂) အထူးကိုယ်စားလှယ်၊ လွတ်လပ်အမှီအခို ကင်းသော ကျွမ်းကျင်သူ သို့မဟုတ် ကုလသမဂ္ဂ၏ အပ်နှင်းအာဏာဖြင့် လုပ်ဆောင်နေသည့် အခြားပုဂ္ဂိုလ်တို့ကလူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခုကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထား၇သည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန်တာဝန်တစ်ရပ်ရှိကြောင်း ထပ်လောင်းကြေညာထားသည်။

SALC ၏နိုင်ငံတကာတရားမျှတရေးဌာန ခေါင်းဆောင်ဖြစ်သူ Dr Atilla Kisla ကလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့စစ်အာဏာသိမ်းမှုရှိနေတဲ့ နိုင်ငံတစ်ခုဆီကိုစစ်လက်နက်တင်ပို့တာတွေဟာ တရားမဝင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။တောင်အာဖရိကနိုင်ငံမှာ တာဝန်ယူ၊ တာဝန်ခံမှု ပိုမိုကောင်းမွန်တဲ့စစ်လက်နက်ကုန်သွယ်ရေးစနစ်တစ်ရပ် ဖန်တီးဖော်ဆောင်ရာမှာ အခုအမိန့်ကအရေးပါလှပါတယ်။ လူ့အခွင့်အရေးနဲ့နိုင်ငံတကာဥပဒေတွေဟာ စစ်လက်နက်တင်ပို့မှုတွေအတွက် အထိန်းအကွပ်ဘောင်တွေဖြစ်တယ်ဆိုတာ ဒီအမိန့်က ပြသနေပါတယ်။ ပြစ်တင်ရှုတ်ချတယ်၊စိုးရိမ်ပူပန်တယ်ဆိုတဲ့ စကားလုံးတွေ သက်သက်နဲ့တော့ မလုံလောက်ဘူးဆိုတာကိုမြန်မာနိုင်ငံဥပမာက ပြသနေပါတယ်။ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရာမှာဥပဒေကို ကျင့်သုံးဖို့၊ လိုအပ်ပါက ခွင့်ပြုမိန့်တွေကိုရပ်ဆိုင်းဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ စတဲ့ အရေးယူဆောင်ရွက်မှုတွေလိုအပ်ပါတယ်ဟု အလေးပေး ပြောကြားခဲ့သည်။

LHR မှတရားလွှတ်တော်ရှေ့နေဖြစ်သူ Charné Tracey ကဒီအမှုဟာဥပဒေဆိုင်ရာ လိုက်နာရမယ့် တာဝန်တွေဖြစ်ရုံသာမက ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိမှုအကြောင်း လည်းပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့သက်သေအထောက်အထားတွေ ရှိနေချိန်မှာ NCACCရဲ့အရေးယူဆောင်ရွက်မှု မရှိခဲ့တာဟာ ဥပဒေကြောင်းဆိုင်ရာထိန်းကွပ်မှုကိစ္စ သက်သက်မဟုတ်ဘဲ ကျင့်ဝတ်ဆိုင်ရာ ပျက်ကွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့အမိန့်ဟာ တောင်အာဖရိကရဲ့ မူဝါဒတွေကကျွနု်ပ်တို့ရဲ့တန်ဖိုးတွေနဲ့ အခြေခံမူတွေကို ထင်ဟပ်ကြောင်း သေချာစေမယ့် အလားအလာရှိနေပါတယ်ဟု ပြောကြားခဲ့သည်။

Justice For Myanmar ၏ပြောရေးဆိုခွင့်ရှိသူ မ၇တနာမောင်ကဒီလိုလက်နက်လွှဲပြောင်းရောင်းချမှုတွေဟာပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခြင်းအားဖြင့် အခုအမိန့်ဟာမြန်မာပြည်သူတွေကို ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် တရားရုံးချုပ်ရဲ့ယခုကိစ္စအပေါ်ချမှတ်တဲ့ စီရင်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုခွင့်ပြုချက်မျိုးကအစကတည်းက အတည်ပြုမပေးခဲ့သင့်တဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။တောင်အာဖရိက လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်မယ်လို့မျှော်လင့်ပါတယ်ဟု ပြောကြားခဲ့သည်။ တောင်အာဖရိကနိုင်ငံသည် လူ့အခွင့်အရေးနှင့်နိုင်ငံတကာဥပဒေများဖြင့် ကိုက်ညီသည့်နိုင်ငံခြားရေးမူဝါဒကို ကိုယ်တိုင်ချမှတ်ထားသည့် နိုင်ငံဖြစ်ပါသည်။

တရားရုံးချုပ်၏အမိန့်သည်နိုင်ငံတကာဥပဒေအရ လိုက်နာ၇မည့် တာဝန်များသည်လက်နက်တင်ပို့မှုအားလုံးနှင့် သက်ဆိုင်ကြောင်း ရှင်းလင်းထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းအား ဖောက်ဖျက်သည်ဟု စွပ်စွဲမှုများ၊စစ်အာဏာသိမ်းမှုများ ရှိနေသည့် ယနေ့အချိန် မြန်မာနိုင်ငံကဲ့သို့နိုင်ငံများသို့ လက်နက်တင်ပို့ရောင်းချမှုများသည် ပြည်တွင်းနှင့်နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်း ဖြစ်ပါသည်။

ယခုအမိန့်သည် အမိန့်အတွင်း ဖော်ပြထားသည့်အုပ်စုအတွင်း ကျရောက်နေသည့် နိုင်ငံများသို့ တင်ပို့မှုများအတွက်ခွင့်ပြုချက်များအားလုံးကို ပြန်လည်ဆန်းစစ်ရန်၊ဆိုင်းငံ့ရန် သို့မဟုတ် ပယ်ဖျက်ရန် NCACC အား ညွှန်ကြားထားသည်။ အခြေခံအားဖြင့် ယခုအမိန့်သည်လူ့အခွင့်အရေးကို အခြေခံသည့်၊နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံခြားရေးမူဝါဒ တစ်ရပ်ကိုဖော်ဆောင်နေခြင်း ဖြစ်ပါသည်။

Photo: Sputnik Africa

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.