တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရန်ကုန် (၁၉) လမ်းရှိ "Black House Bar" ကို Urban Special Ranger Force တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 722

နိရဉ္စရာ၊ ဇူလိုင် ၂၃/ ၂၀၂၄

ဇူလိုင် ၂၁ ရက် ည (၁၀: ၂၇) နာရီတွင် ရန်ကုန်၊ လသာမြို့နယ်၊ (၁၉) လမ်းရှိ "Black House Bar" ကို Urban Special Ranger Force တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၂၂ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထို Bar သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်းအဝိုင်းမှ လူများ သောက်စားရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချ ရာနေရာဟုလည်း သတင်းရရှိထားသောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း အခြေစိုက် Voice of Myanmar ( VOM) သတင်းတွင် ရန်ကုန်၊ လသာမြို့နယ်၊ တရုတ်တန်းလမ်း ၁၉ လမ်းတွင် ဖွင့်ထားသည့်  Black House Bar တွင်  ဗုံးပေါက်ကွဲခဲ့ပြီး ဆိုင်အတွင်း စားသောက်နေသူများ အထဲက  လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ဆိုင်အတွင်းလည်းပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဥ်မှာ  ဇူလိုင်လ ၂၁ ရက်နေ့၊ည ၁၀ နာရီခွဲလောက်မှာ Bar အတွင်းရှိ စားပွဲဝိုင်းတခုတွင်  ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းပြင်ကျွန်ုပ်တို့ "Urban Special Ranger Force" အဖွဲ့၏ တော်လှန်ရေးတပ်သားများသည် မေလ၂ရက်၊ ၂၀၂၁ခုနှစ် မှ စတင်၍ လက်နက်ကိုင် လမ်းစဥ်အပေါ် စတင် လျှောက်လှမ်းခဲ့ပြီး မြို့ပြများ နှင့် ကျေးရွာများတွင် လည်းကောင်း၊ တိုင်းရင်းသားနယ်မြေ (တပ်မဟာ)များတွင် လည်းကောင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေး နှင့် စီးပွားရေး ထောက်တိုင်များ၊ စစ်ကောင်စီ၏ ယန္တရား လည်ပတ်စေရန် ကြိုးပမ်းဆောင်ရွက်ပြီး တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအား ဒုက္ခပေးနေသော စစ်ကောင်စီ၏ လက်ကိုင်ဒုတ် သတင်းပေး ဒလန်များအား တိုက်ခိုက်ရှင်းလင်း ဖျက်ဆီးခဲ့ပါကြောင်း” ဖြင့်လည်း Urban Special Ranger Force က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

ကျွန်တော်တို့ ညီနောင်ရဲဘော်များသည် တော်လှန်ရေးကာလ စတင်သည့်နေ့မှ စ၍ ယနေ့တိုင် အခက်အခဲ၊ ဆုံးရှံးမှုများစွာ ရှိခဲ့သော်လည်း တစ်ရက်မှ မနားခဲ့ကြပါကြောင်း၊  ဆက်လက်၍လည်း ပြည်သူလူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာဖြင့် mission များကို ပိုမို ကြိုးစားလုပ်ဆောင် သွားပါမည် ဖြစ်ကြောင်းနှင့်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါကြောင်း ဖော်ပြထားသည်။(Photo - VOM)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!