ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံရှိ အရပ်သားများကို အကာအကွယ်ပေးရန် ARF တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 491

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂/ ၂၀၂၄

နိုင်ငံအနှံ့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများကို တိုက်ပွဲများအကြား ထိခိုက်မှုမရှိအောင် အကာအကွယ်ပေးကြရန် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF)တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းလိုက်သည်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်ကကျင်းပခဲ့သော (၃၁) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နောက်ဆက်တွဲအဖြစ် ARF က ယမန်နေ့ သြဂုတ် ၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်မှစတင်ကာ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေပြီး အပြစ်မဲ့အရပ်သားပြည်သူများလည်း လေကြောင်းပစ်ခတ်မှုများနှင့် လက်နက်ကြီး၊ လက်နက်ငယ်များထိမှန်မှုတို့ကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက် သေဆုံးနေကြရသည်။

ယင်းသို့ ထိခိုက်နေမှုများမရှိစေရန် အားလုံးက ဝိုင်းဝန်းအကာအကွယ်ပေးကြရန် ARF က ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဆက်လက်ပြီး ARF ၏တောင်းဆိုချက်ထဲတွင် တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့်ကိစ္စကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ ဥပဒေနှင့်အညီ အဖြေရှာရန်လည်း ထည့်သွင်းတောင်းဆိုထားသည်။

ကိုရီးယားကျွန်းဆွယ်နှင့်ပတ်သက်၍လည်း သက်ဆိုင်သူများ စေ့စပ်ဆွေးနွေးပြီး နျူကလီးယား ကင်းရှင်းဇုန်ထားရှိရန်နှင့် ဂါဇာကမ်းမြှောင်ဒေသရှိ လူသားချင်းစာနာရေး အခြေအနေကို စိုးရိမ်ကြောင်းလည်း ARF အဖွဲ့ဝင်နိုင်ငံများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ARF အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအ​ပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ရုရှား၊ သြစတြေးလျစသည့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ - ဇူလိုင်လ ၂၇ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအား တွေ့ရစဥ်။ (Photo - AFP)

ဆက်စပ် သတင်းများ